Friday, November 22, 2013

မိန်းမတယောက် ၏ ၀န်ခံချက်

                                                 



အရာအားလုံးနဲ့ ပါးပါးလေး ကွာခြားတယ်--------
သူမ ဖြစ်ချင်တာတွေ သူမ လုပ်ချင်တာတွေ သူမ မျှော်လင့်တာတွေ အားလုံးဟာ အရာအားလုံးနဲ့ ပါးပါးလေး ကွာခြားတယ်
ချစ်သူသာ အနားမှာရှိရင် ဆိုတဲ့အတွေးတွေနဲ့ ကြည်နူးတတ်ပေမယ့်
တကယ်တမ်း ချစ်သူက သူမ နဲ့ ဝေးကွာ စိမ်းသက်နေတတ်တယ်
'ကျန်းမာရေးဂရုစိုက်နော် နောက်ရက်မှ ထပ်တွေ့မယ်'ဆိုတဲ့ စကားလေးတခွန်း နဲ့ ချစ်သူဟာ ဟိုအဝေးကို ထွက်ခွာသွားတော့တယ် အဲ့ဒီနောက်ရက်မှ ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ သူမ မျှော်လင့်တာက
နောက်ရက်မှ သတိရကြောင်းတွေပြောမယ်
နောက်ရက်မှ လမ်းအတူတူလျှောက်မယ်
နောက်ရက်မှ သူမ နဖူးလေးကို ခပ်ဖွဖွ နမ်းမယ်
နောက်ရက်မှ သိပ်ချစ်တဲ့အကြောင်း ပြောပြမယ်
နောက်ရက်မှ ရှေ့ဆက်မယ့် ဘ၀လမ်းအတွက် အစီအစဉ်တွေ ချပြမယ်
နောက်ရက်မှ -------------------------
နောက်ရက်မှ ---------------------

ဒါပေမယ့် တကယ်တမ်း နောက်ရက်တွေမှာ သူမ ကြုံတွေ့ရတာက အလွမ်းတွေ မျက်ရည်တွေနဲ့ နာကျင်ခံစားရမှုတွေပါပဲ------ တခါတရံမှာ အချစ်ဆိုတာ နာကျင်မှုတွေသာပေးတတ်တဲ့ အရာလားလို့ သူမတွေးမိလာခဲ့တယ် ချစ်သူနဲ့ပျော်ရွှင်ရသော အချိန်ဆိုတာ ခနလေးမှ တကယ့် ကို ခနလေး --------
ခနတာ ပျော်ရွှင်မှု အတွက် ရက်ပေါင်းများစွာ နာကျင်ရတာ တန်ရဲ့လားလို့ သူမတွေးမိလာသည်။
တကယ်တမ်း အဲ့ဒီနာကျင်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ရတာက ပိုပြီး နာကျင်ရလေသည် ။
ချစ်သူက မေ့ပစ်ဖို့ မခိုင်းခဲ့တော့ သူမ မေ့ပစ်ရမှာ အားနာသည် ။ နာကျင်သော ရင်အစုံ ကိုသာ ပွေ့ဖက်ရင်း ချစ်သူ ကို စောင့်နေချင်သည် ။  သူမ  မေ့ပစ်လိုက်သည့်အတွက် ချစ်သူမှာ နာကျင်ရမလားဆိုသည့် အတွေးက သူမ ကို နှိပ်စက်လေသည် ။  တကယ်တော့ မိုက်မဲသော မျှော်လင့်ချက်တခုကို ပွေ့ပိုက်ရင်း ပင်ပန်းရသော သူမ သာဖြစ်လေသည် ။ ချစ်သူ၏ ကောင်းမွေ ဆိုးမွေ မှန်သမျှကို ယူမည် ဟုနှလုံးပိုက် ထားသောသူသည် သူမသာ ဖြစ်လေသည် ။ ချစ်သူ၏ သတိရခြင်း မရခြင်းထက် သူမ ကသာ ချစ်သူကို သတိရနေချင်သူ ဖြစ်သည်။ သူမ၏ ပျော်ရွှင်ခြင်းသည် ချစ်သူအား သတိရ နေရခြင်းပင် ဖြစ်တော့သည်။

ချစ်သူအား လွမ်းဆွတ်နေသော အချိန်တိုင်းသည် သူမ အတွက် အလှပဆုံးဖြစ်နေခဲ့သည်။ အတွေးတို့၏ နောက်သို့ စိတ်အစဉ်က လိုက်ပါသွားခြင်းသည် သူမအတွက် စိတ်ချမ်းမြေ့စရာပင်ဖြစ်လေသည်။ ကြည့်မိလေရာနေရာတိုင်း တွင် ချစ်သူ၏ ပုံရိပ်တို့ဖြစ်ထွန်းလျက် ရင်မှ ပြောသောစကားတိုင်းကို ချစ်သူကြားနိုင်လေသည် ။ သူမ၏ အတွေးနယ်သည် သူမအတွက် နိဗ္ဗာန်ဘုံလေး တခုသာဖြစ်လေသည် ။ ထိုအတွေးတို့ကိုချစ်သူက မတားဆီးနိုင်သလို အခြားမည်သူမှလည်း ၀င်စွက်ဖက်လို့မရချေ။ ချစ်သူရှိသော သူမ၏ အတွေးနယ် တို့သည် ဆိတ်ဖလူးပန်းတို့၏ အနံ့ဖြင့် သင်းပျံ့လေသည် ။ ကော်ဖီတခွက် လို ဆွဲဆောင်လေသည် ။
ကဗျာတပုဒ် လို ညွတ်နူးလေသည် ။ သစ်တောစိမ်းစိမ်းလို ချမ်းမြေ့စေသည်။ သူမအတွက်တော့ ထိုအတွေးနယ်သည် နေထိုင်လို့ကောင်းသော အရပ်ဒေသ တခု ဖြစ်ခဲ့လေတော့သည် ။ 





                                                                          Thaepon
               




Friday, November 8, 2013

ထိုသို့သော ကျမသည် ထိုသို့သော အကြင်သူထံ၌


 


ကြည်နူးတယ် ညင်သာတယ်
ခံစားမှု နှစ်ခုကြားက နူးညံ့တဲ့ အနုပညာ
နှလုံးသားရဲ့ ပွင့်ချပ် ရင်ခွင်ရဲ့ ၀တ်မှုန်
ခံစားမှု အကြည်ဓာတ် နဲ့ စိုလက်နေတယ်။

သိမ်မွေ့သော ရင်ခုန် မုန်တိုင်းကို ငြိမ်သက်စေသူ
လှုပ်ရှားသော စိတ်အစဉ်ကို တည်ငြိမ်စေသူ
ပုန်ကန်သော ဆန္ဒတို့ကို အေးငြိမ်းစေသူ
ကင်းကွာ စိမ်းသက်မှုတို့နှင့် အနီးဆုံးရှိသူ
နူးညံ့သော သံယောဇဉ်ကြိုးတို့ဖြင့် အထပ်ထပ် ချည်နှောင်၍ခိုင်မြဲစေသူ
အဝေးဆုံးမှ နီးစပ်မှုတို့ဖြင့် ဆွဲငင်သူ
ထိုသူ၏ သိမ်းပိုက်ခြင်းခံရသော ကျမသည်
ကြည်နူးမှုတို့ဖြင့် ငြိမ်သက်နေတတ်သူ
ဒေါသတို့ဖြင့် ပေါက်ကွဲလွယ်တတ်သူ
ပျော်ရွှင်မှုတို့ဖြင့် ခုန်ပေါက်နေတတ်သူ
ခံစားမှုတို့ဖြင့် နာကျင်နေတတ်သူ
လွမ်းဆွတ်မှုတို့ဖြင့် တွေငေးနေတတ်သူ
မျှော်လင့်မှုတို့ဖြင့် မြူးထူးနေတတ်သူ

ထိုသို့သော ကျမသည်
ထိုသို့သော အကြင်သူထံ၌
ကင်းကွာစိမ်းသက်သော အကြင်နာတို့ကိုခံယူလျက်
လွမ်းဆွတ်မှု ရသအလီလီတို့ဖြင့်
နေထိုင်လေသည်။


                                                        Thaepon

Monday, October 21, 2013

မသေနိုင်သော




ဒီနေ့ ကိုကို နဲ့ စကားပြောဖြစ်တယ်
'နေကောင်းလား ညီမလေး' တဲ့
'ဟုတ် နေကောင်းပါတယ်'
တော်တော်ကြာကြာ နှုတ်ဆိတ်သွားပြန်တယ်
ကိုကို နဲ့ ကျမ ကြားမှာ အဲ့ဒီလိုပါပဲ ပြောစရာ စကားလုံးတွေ ပါးရှားလွန်းပါတယ်
ဘာရယ်မဟုတ်ဘူး ပတ်ဝန်းကျင် ကို လိုက်ကြည့်နေမိတယ် တကယ်တမ်း ကြည့်ချင်နေတာက ကိုကို့ မျက်နှာကို ကြည့်ဖြစ်တာက ပတ်ဝန်းကျင်ကို ဟင် ------- ဒီနေရာက
'အဆင်ပြေလား ညီမလေး'
'ဟုတ်ကဲ့'

ဟုတ် ထပ်ပြီး တိတ်ဆိတ်သွားပြန်ပါတယ် တကယ်က ကိုကို့ကို ပြောပြချင်တာတွေ အများကြီး
ကိုကို မရှိတော့ ယောင်ချာချာဖြစ်နေတာ
ကိုကို့ကို လွမ်းနေတာ
ကိုကို့ ကို တမ်းတတာ
ကိုကို အနားမှာမရှိမှ ပိုချစ်လာတာ
 အခု ကိုကို့စကားကို နားထောင်ပြီး လိမ္မာနေပြီဆိုတာ
ကိုကို့ကို မျှော်နေတာ
ကိုကို ရော နေကောင်းရဲ့လား
ကိုကို ပိန်သွားတယ်
ကိုကို ညီမလေးကို သတိရ ရဲ့လား
အရင်ကလိုရော ညီမလေးကို ချစ်သေးလား

အဲ့ဒီလို တရစပ်မေးခွန်းတွေ ကို ကိုကိုက ပြုံးပြီးနားထောင်နေပြီးမှ
ချစ်တာပေါ့ ညီမလေးရယ်
ကိုကိုလည်း အရမ်းလွမ်းတာပေါ့   ညီမလေး အရမ်းဆိုးလည်း ကိုကိုက ချစ်မှာပဲ
ခု လိမ္မာသွားပြီဆိုတော့ ပို ချစ်မှာပေါ့ ညီမလေးရဲ့ ဆိုပြီး ခေါင်းကလေးကို လက်နဲ့ အုပ်မိုးကိုင်ပြီး ဆွဲခါလှုပ်လိုက်တယ် ပြီးတော့ လက်ကလေး ကို တယုတယ ကိုင်ပြီး ကိုကို နောက်ဆို ကလေးကို ခွဲမသွားတော့ဘူးနော် လို့ ကတိပေးမယ်-----------

'ကိုကို ပြန်တော့မယ် ညီမလေး'

ဟင် အတွေးတွေလား အဲ့ဒါဆို ကျမ အတွေးတွေ ဖြစ်မလာဘူးပေါ့နော် 
မသွားပါနဲ့ ကိုကိုရယ် ညီမလေး နားက ထပ် ထွက်မသွားပါနဲ့လား ဘာလို့ ထွက်သွားမယ့် စကားလုံးမျိုးကို ပြောထွက်ရက်တာလဲ ကိုကိုရယ် ညီမလေး တားပါရစေနော် ကိုကို နဲ့ အဝေးကြီးမှာမနေနိုင်လို့ပါ

'အခု နေကောင်းအောင် ပျော်အောင်နေနော် ညီမလေး ကိုကိုမကြာမကြာ လာမှာပေါ့ ညီမလေးရယ်'

'ဟင့်အင်း မနေချင်ပါဘူး ညီမလေး ပျော်နေရင် ကိုကို က ထပ်လာမတွေ့တော့ဘူးမလား ပြီးတော့ကိုကို မရှိပဲ ညီမလေးမပျော်ပါဘူး ကိုကိုရယ်'
ကျမ ကိုကို့ကို နောက်ကနေ သိုင်းဖက်လိုက်တယ် ။
ဟင်
 ကိုကို လှည့်ထွက်သွားပြီ ကိုကို့ နောက်ကို ကျမ အပြေးလိုက်သွားမိတယ် ။
ကိုကိုရေ ကိုကိုရေ ညီမလေး ကို တခါတည်းခေါ်သွားပါ ကိုကိုရယ် ညီမလေး တယောက်တည်းမနေခဲ့ချင်လို့ပါ
------------

ဟော ကိုကို ကားနားရောက်နေပြီ သူ့သူငယ်ချင်းက တံခါးနားမှာစောင့်နေတယ် ကျမ
မြန်မြန်လိုက်မှ ရမယ်  ကိုကိုလည်း ကျမ ကို ထားခဲ့ရတာ စိတ်မကောင်းသလိုပါပဲ ခေါင်းငိုက်စိုက် နဲ့
ဟင် ကိုကို့မျက်လုံးတွေမှာ မျက်ရည်စတွေနဲ့ပါလား ။

'ငါ့ကြောင့် ငါ့ကြောင့် ညီမလေးကို ငါဂရုမစိုက်ခဲ့လို့ပါကွာ'
'မဟုတ်တာသူငယ်ချင်းရာ ကံကြမ္မာက ဒီလိုဖန်လာတာပဲ လက်ခံရမှာပေါ့ကွာ သေတဲ့သူလည်းသေပြီ ငါတို့လုပ်ပေးနိုင်တာက သီရိ ကို ကောင်းမွန်ရာ ရောက်အောင် နောက်ဘ၀မှာ ဒီလိုဝေဒနာမခံစားရအောင် လုပ်ပေးရုံပဲလေကွာ'

ဟင် သူတို့ဘာတွေ ပြောနေတာလဲ ??
ကျမ ခုန ကိုကိုနဲ့ စကားပြောခဲ့တဲ့နေရာလေးကို ပြန်သွားလိုက်တယ်
ဟင်

  မသီရိလင်း
အသက် (20)
- / - / -  ကွယ်လွန်သည် ။


                                                              Thaepon

Thursday, October 10, 2013

ပြန်လည် လွမ်းဆွတ်ခြင်း



ကြာပြီပဲ
ပျောက်ကွယ်သွားသင့်ပါပြီ
ခံစားမှု ရသတွေ အလီလီ နဲ့
နှလုံးသားလည်း အတောင်ညောင်းပြီ
အိတ်သွန်ဖာမှောက် ခံစားလိုက်ရတာ
ခုချိန် လက်ကျန်တောင် မရှိသလောက်ပဲ
မျှော်လင့်တဲ့ အချိန်မှာ မတွေ့လိုက်ရတော့
တွေ့လိုက်တဲ့အချိန်မှာမမျှော်လင့်ချင်တော့ဘူး
လွမ်းရဲတယ် ထင်လို့ ထားခဲ့တာလား
ထားခဲ့လို့ လွမ်းရဲခဲ့တာလား
မရေရာ ဒွိဟတွေကြားမှာ အလွမ်းတွေ ရင့်သီးလို့ ရိတ်သိမ်းချိန်တောင် ရောက်လာပေါ့
စိုက်လိုက်တော့ အချစ် ပွင့်လာတာ အလွမ်း
ဒီလိုမှန်းသိရင် ဒီအပင် ငါ ဘယ်စိုက်မလဲ
ခုတော့ သီးထပ် သီးညှပ်တွေနဲ့ အလွမ်းတွေ ဝေဆာလာလိုက်တာ
နင့်သီးတဲ့ အလွမ်းတွေ ခံစားရတိုင်း
ကျူးပစ်ကိုပဲ မေတ္တာပို့မိတော့တယ် -----------------------

Friday, October 4, 2013

ဆွေး



ဆွေး
သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်လွမ်းေ၇ာ့ လို့ 
လက်ကမ်းက ဝေဒနာမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒ်ဒယအမော တစ်ဇာတ်သိမ်းအောင်
(အခုတော့ …)ခပ်စိမ်းစိမ်းနေပါ့မယ်.


မောင်စိန်ဝင်း(ပုတီးကုန်း)
 

သောကခြေရာ

 
 
 
သောကခြေရာ
တစ်သက်တာ ထာဝရ၊
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊...
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။

တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
--------------------
မောင်စိန်ဝင်း (ပုတီးကုန်း)

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ