Sunday, May 4, 2014

ချစ်ခြင်းသခင်

 ချစ်ခြင်းသခင်





စကားမစပ်
နေကောင်းသလား သခင်
အရိပ်သော်မျှ မမြင်ရလည်း
မှန်းဆကာလွမ်း တမ်းတကာ မှန်းရပါသည်
နှလုံးသားမှ ချစ်သော သခင်

အဝေးတနေရာမှ ချစ်သောသခင်
ကြွေပြုန်းသော နေ့ရက်များနှင့်အတူ
ချစ်ခြင်းရနံ့သည် သခင်နှင့်
ပြန်လာပါစေ

ပူလောင်သော တမ်းမွတ်ခြင်း ကင်းလျှက်
နှလုံးသားမှ အေးသောချစ်ခြင်းဖြင့်
ငါသည် သခင့်အပါးမှာ ထာဝရ
ဖြစ်ခွင့်ရပါစေ

အရိပ်ခက်မိုး အေးစေသော ချစ်ခြင်းသခင်
နှလုံးသား၏ စေဆောင်ရာ အတိုင်း
သခင် ၏ အရိပ်သည်
ငါဖြစ်ပါစေ ။          ။

Thaepon

Wednesday, April 2, 2014

အတု

 


ဒါဟာ ပြဇာတ်တပုဒ်မဟုတ်ဘူး
ငါတို့ကလည်း ပြဇာတ်ထဲက ဇာတ်ဆောင်တွေ မဟုတ်သလို
နာရီပိုင်းအတွင်းမှာ ပြီးဆုံးသွားမယ့် ဇာတ်လမ်းလည်း မဟုတ်ဘူး
တချက်ချက် မြည်နေတဲ့ နာရီတလုံးထဲမှာ ဘ၀တခု တည်ဆောက်ထားရတယ်
တနေ့တနေ့ အချိန် ဆိုတဲ့ သံသရာထဲမှာ ခံစားမှုတွေတောင် အသက်ငင်နေသလိုလို

အဖြူရောင်ဆိုတာ ဆွဲဆောင်မှုအရှိဆုံးဆိုတာကိုမေ့လို့
အရောင်အမျိုးမျိုးဆိုးဖို့ ငါတို့ကြိုးစားကြတယ်
စက္ကန့်နဲ့အမျှ ဆေးဆိုးပန်းရိုက် ဘ၀တွေအတွက် ကြိုးစားကြတယ်
တောက်ပသထက် တောက်ပ လို့ အရောင်စုံဘ၀ကြီး အသက်ဝင်လာတယ်
ကဲ ရဲရင့်ခြင်းအတွက် အနီ တ စ ထပ်ခြယ်ကြစို့

ပန်းတွေပွင့်တယ် အချိန်အခါ မဟုတ်ပဲ ပန်းတွေပွင့်တယ်
အသီးတွေသီးတယ် အချိန်အခါ မဟုတ်ပဲ အသီးတွေ သီးတယ်
ဓါတ်မြေသြဇာကြောင့်ဆိုပါလား
ဒီလိုဓါတ်မြေသြဇာနဲ့ဆို ဘ၀တွေတောင် လှပသွားမလား??????
ကမ္ဘာတခြမ်း စိမ်းလန်းချိန်မှာ အခြားဘက်ခြမ်းမှာ စစ်တွေဖြစ်လို့

ဝတ်လစ်စလစ်နဲ့ ကောင်းကင်
အပြာ တ စ အဖြူ တ စ---------
တိမ်အခင်းအကျင်းနဲ့ ပုံလွှာအမျိုးမျိုးပြောင်းတယ်
ရှိနေတာလား ရှိခဲ့တာလား
ပုံရိပ်ယောင်တွေ ကြားမှာ နေတစင်း အရှင်လတ်လတ် ၀င်းပ တယ်။          ။

Thaepon

Monday, March 24, 2014

အိပ်မက်




အသိစိတ်ထဲ
အလင်းသဲ့သဲ့ ၀င်လာချိန်
အသံတချို့ နဲ့ နိုးထလာခဲ့
ဒုက္ခ ရဲ့ အစလား
သုခ နဲ့ ဘ၀ လား
ဆေးလိပ်တတိုနဲ့ မျက်နှာသစ်ရင်း
ညက ဘာများ မက်ခဲ့ပါလိမ့်
ဖြစ်ချင်တာတွေလား
ဖြစ်သင့်တာတွေလား
ပြန့်ကျဲနေတဲ့ အတွေးတွေ နဲ့
မရေရာ ငေးနေရင်း
အချိန်ခါ မဟုတ် ပန်းတွေပွင့်တဲ့
အိပ်မက် ကို သတိတရ -------

ဒါဟာ ပြဇာတ်မဟုတ်ဘူး
အချိန်ခါ ကြည့်စရာမလိုဘူး
နာရီတိုက်စရာ မလိုဘူး
ဖြစ်ချင်တာတွေ ဖြစ်လို့ရသလို
အစီစဉ်ကျစရာလည်း မလိုဘူး ။






                                                Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ