Sunday, September 1, 2013

ဒါဟာ --- ချစ်သူတမ်းချင်း တခုလည်း ဖြစ်နိုင်သလို အလွမ်းဖြေ ကဗျာတပုဒ်လည်း ဖြစ်နိုင်တယ်





 

(၁)
ဒါဟာ ကဗျာတပုဒ်ဖြစ်ချင်ဖြစ်မယ်
ဖြစ်ချင်မှလည်း ဖြစ်မယ်
ချစ်သူတမ်းချင်း တခုလည်း ဖြစ်နိုင်သလို
အလွမ်းဖြေ ကဗျာတပုဒ်လည်း ဖြစ်နိုင်တယ်။
(၂)
ငါ့ရဲ့ မနက်ခင်းလေးရေ
လတ်ဆတ်ကြည်နူးခြင်းတွေ ဆောင်ကြဉ်းပေးလှည့်ပါ
ပျော်ရွှင်မှု အခင်းအကျင်းတွေနဲ့
ငါ့ရဲ့ အိပ်ယာနိုးစ ကော်ဖီလေး
ငါ့နှလုံးသား သံစဉ်တိုင်း
မင်းပါနေလေရဲ့ကွယ်။
 (၃)
ငါ့ရဲ့ လေပြေညင်းရေ
သူ့ ကိုယ်သင်းနံ့လေး နဲ့ ငါ့နှလုံးသား
လွှမ်းခြုံလိုက်စမ်းပါ
အလွမ်းအခင်းအကျင်းတွေနဲ့
ငါ့ရဲ့မှော်ဆရာလေးရေ
ငါ့ နေ့စွဲ တိုင်းမှာ
မင်းက အရှင်သခင်ပါကွယ်။
(၄)
ချစ်သူရေ ငါကလေ
မင်း လက်မောင်းမှာ ယီးလေးခိုတွဲပြီး
လောကကြီးကို လည်း ငုံ့ကြည်ချင်ဖူးတယ်
မင်း ရှိနေတာပဲ ဆိုတဲ့ အတွေးနဲ့
လောကကြီးကို ခါးစောင်းတင်ကြည့်ချင်တယ်
မင်းဟာ ငါ့အတွက်တော့
ကမ္ဘာထက် ကြီးမားတဲ့
စကြ၀ဠာ ရင်ခွင် တခုပါကွယ်။
(၅)
တနေ့ထက် တနေ့
ပို ပို သတိရလာတတ်တာကို
လွမ်းတယ်လို့ ခေါင်းစဉ် တပ်ခွင့်ပေးမလား
အလွမ်းတွေသာ စကားပြောတတ်ရင်
ငါ တနေကုန် နားပူနေနိုင်ပါတယ် ချစ်သူ။
(၆)
ချစ်သူရေ
မင်းကို ချစ်တာဟာ ၀ဋ်တခုလို့ဆိုခဲ့ရင်
ငါဟာ  စေတန့် ဆီမှာ
မသေခွင့်တောင်းပါရစေကွယ်။
(၇)
မနက်ခင်းဟာ မနက်ခင်း အစစ်မှန်ဖြစ်ဖို့
နေ အလင်းရောင် လိုသလို
ငါ ဟာ ငါ အစစ်မှန် ဖြစ်ဖို့
မင်းကို ချစ်နေရမယ်
ချစ်ခြင်းရဲ့ အလေ့အထတွေကို
ငါ့ နှလုံးသားက မွေးမြူထားမယ် ။
(၈)
မှော်ကကြိုးကို ဖန်ဆင်းတတ်တဲ့
ငါ့ရဲ့ စေတန်လေးရေ
မင်းနဲ့တွေ့ချိန်က စပြီး
ငါ့ အသိတွေ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရသတဲ့
သိမ်းပိုက်ပါ ညို့ငင်ပါ
ပြီးရင် ချစ်ခြင်းတစုံ ပေးသနားပါ။
(၉)
ချစ်ခြင်း ရဲ့ အငွေ့အသက်နဲ့
ပျော်ရွှင်ခြင်းဝတ်ရုံကို
ငါ့အတွက် ဆောင်ကြဉ်းပေးပါ
စေတန် ရဲ့ ရှန်ပိန်တခွက်လို
မူးယစ်စေပါ ပျော်ရွှင်စေပါ။
(၁၀)
ငါ့ နှလုံးသား အပြင်ဘက်က
ငါ့ရဲ့ ဒုတိယ နှလုံးသားလေးရေ
မင်း မင်းမူထားတဲ့ အဲ့ဒီနှလုံးသားဟာ
ငါပိုင်တာတဲ့လားကွယ်
ခမ်းနားတဲ့ ကျရှုံးခြင်းမှာ
ပျော်ဝင်မိတဲ့ငါ့စိတ်
ကိုယ့်ကိုကိုယ်တောင် အံ့သြမိပါရဲ့။
(၁၁)
မွန်းကြပ်မှုတွေ နဲ့အတူ
ဖွင့်အန်ချလိုက်တဲ့ ခံစားချက်တချို့
ဒါဟာ--------
ချစ်ခြင်းရဲ့ ကဗျာတပုဒ်ဖြစ်နိုင်သလို
တမ်းတတဲ့ လွမ်းချင်း လည်း ဖြစ်မယ် ။
   

                                                              Thaepon






















No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ