Friday, September 20, 2013

ငြင်းပယ်သော ချစ်ခြင်း



အခွင့်ရှိပါသလား
အခါသင့်ရင် မေးချင်ပါရဲ့
အခွင့်မရှိ လွမ်းမိတဲ့ရင်
ဘယ်နတ်ဆိုးကမှ ချော့မသိပ်ပါဘူး ။

လွန်လေပြီးသော အတိတ်မှာ
ပြည်ဖုံးကား ချ လို့မရတဲ့ အချစ်တွေရှိတယ်
ဖြစ်နေဆဲ ပစ္စုပ္ပန်မှာ
မေ့လို့မရတဲ့ အလွမ်းတွေ ရှိတယ်
ဖြစ်လာမယ့် အနာဂတ်မှာ
ပျော်ရွှင်ခြင်း ဆန္ဒတွေ ရှိတယ် ။


နှောင်တွယ်နေတဲ့ ကြိုးတမျှင်
ဘယ်လို ဓါး နဲ့ ဖြတ်မလဲ
မပြတ်တဲ့ ရင်မှာ အမျှင်တန်းနေတဲ့ ကြိုးတွေ
အမြစ်တွယ်ပြန်တယ်

နူးညံ့ တဲ့ အတွေး က တလောကလုံးကို လွှမ်းခြုံတယ်
အိပ်စက်ချင်ပေမယ့် တွေးနေမိတဲ့ အတွေးတွေ
မိုးလင်းတာ များနေပြီ
မတောက်ပ တဲ့ အတွေးတွေ နဲ့ တောက်ပခြင်းမေတ္တာတွေ
စာသားတွေ နဲ့ ဘောင်ခတ်ထားတယ်
လရောင်မှာ ချော့သိပ်ခြင်း ခံရတဲ့ အတွေး
ခပ်ကွေးကွေးလမင်း အေးစက်သွားတာတောင်
ငါ့မျက်လုံး မမှိတ်သေးဘူး ။

ဝေးကွာတဲ့ အသိတရား ခပ်လှမ်းလှမ်းမှာ စောင့်နေတာတောင်
ဒီ နှလုံးသားက ၀င်ခွင့်မပေးဘူး
အတ္တဆောင်တဲ့ ဒီ ဒွ န္တယာမှာ
အသည်းနှလုံးသေးသေး လေး ပုန်ကန်နေပုံများ
အံ့သြပါရဲ့-------

ရှာဖွေလေ တွေ့ရှိတဲ့ အလွမ်းတွေ
ဝေးဝေး နှင်ထုတ်တာတောင် အနားမှာ တ၀ဲဝဲလည်
မရသေးတဲ့ အကြင်နာကို ငံ့လင့်နေလေရဲ့
ရယ်သံတွေ ကြားထဲက ဂရုဏာကိုများ မျှော်လင့်နေသေးသလား
ယူ မလာပါနဲ့ မျက်ရည်တွေ လှောင်ပြောင်ရယ်မောသံတွေ
မောပန်းစရာ ပတ်ဝန်းကျင်မှာ အသက်ရှူ ကျပ်ရမယ့် အရာတွေ
ထပ်ပြီး မပါ လာပါစေနဲ့လား ----

အကြောင်းပြချက် မခိုင်လုံပေမယ့်
ခိုင်လုံတဲ့ အရာတွေ များစွာထဲမှာ နှလုံးသားရဲ့ဆန္ဒ ပါဝင်တယ်
အေးစက် တဲ့ အမုန်း ကိုပဲ ဖြစ်ဖြစ် ချစ်ခြင်းရဲ့ အစွန်းတဖက်လို့ ယူဆပြီး
မြဲမြဲ ဆုပ်ကိုင်ထားချင်တယ်
အချစ်နှင့်ပတ်သတ်သမျှ အရာအားလုံး
အမုန်းမှာတောင် မေတ္တာအပြည့်ရှိတယ် ။

သနားတော်မူခြင်းမခံရတဲ့ နှလုံးသား
ခေါင်းမာမာ နဲ့ ဇွဲကောင်းတယ်
နာလို ခံခက် စကားတွေ ကြားမှာ
နှလုံးသားလေး ပုရွတ်ဆိတ် ကိုက်ခံလိုက်ရတယ်
အဆိပ်တတ် အိပ်မက်တွေ နဲ့ အရေခြုံ စကားလုံးတွေကြား
ပြုတ်ကျသံ သဲ့ သဲ့ ကြားလိုက်ရတယ်
အလို ငါ့ ရင်ဘတ် တနေရာ ဟောင်းလောင်း ဖြစ်နေပါပေါ့လား ။                  ။

                                                                         Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ