Sunday, June 8, 2014

ညို


သူ့ မျက်ဝန်းညိုတွေလေ
ကျမ အိပ်မက်တွေကို အခါခါလှုပ်နှိုးတယ်
အညိုရောင် မျက်ခုံးတွေ ရဲ့ အောက်က
အညိုရောင် မျက်လုံးလေး
ကျမ ချစ်ရတဲ့ သင်္ကေတ လေးပေါ့

သူ့နှာတံ စင်းစင်းလေးလေ
ကျမ ကို ရိုးသားစွာ ရင်ခုန်စေတယ်
အညိုရောင် မျက်လုံးတွေနဲ့ လိုက်ဖက်စွာ
ကျမ ကို ညှို့ယူတယ်

ယောလုံချည် အညိုလေး နဲ့ သူ့သွင်ပြင်လေ
ကျမ ကို မြတ်နိုးစွာ ချည်နှောင်တယ်

ရိုးသားအေးချမ်းနေတဲ့ သူ့ပုံရိပ်လေး
နှလုံးသားကို လာလာနှိုးဆွနေမှတော့
ကျမ မချစ်ဘဲ နေနိုင်ပါ့မလား ။

သုကြာ

Wednesday, June 4, 2014

ခွဲခြားကြည့်ခြင်း

 


ဒီလို ညတိုင်း
ယောင်ချာချာနဲ့
အအိပ်ပျက် အိပ်မက်တွေ ကြီးစိုးတယ်
နိုးတ၀က် အိပ်တ၀က် အတွေးတွေ နဲ့
အနံ့အသက် မကောင်းတဲ့ အခန်းကြီးထဲ
ငါ တယောက်တည်းလား
အခြားသူတွေရော ရှိနေမလား

တခါတရံ
ဝိဥာဉ် အချို့ နဲ့ စကားပြောကြည့်တယ်
သူတို့မှာ ဖြူစင်ခြင်းအချို့ ရှိကြ
အားငယ်ခြင်း အချို့ နဲ့ ဒေါသ အချို့လည်း ရှိရဲ့
သူတို့ဟာ ငါ့အတွက်တော့ မိတ်ဆွေဖြစ်တယ်

တခါတရံ ပြတင်းပေါက်တွေနဲ့ စကားပြောကြည့်တယ်
သူတို့မှာ လွတ်လပ်မှု ရှိတယ်
လတ်ဆတ်တဲ့ အတွေးတွေ နဲ့ ပျိုမြစ်တဲ့ လေတွေလည်း ရှိရဲ့
သူတို့ဟာ ငါ့အတွက်တော့ ရှင်သန်ခြင်းအကြောင်းတရားဖြစ်တယ်

တခါတရံ
ချစ်သူ နဲ့ စကားပြောကြည့်တယ်
သူ့ဆီမှာ လျို့ဝှက်မှုတွေ ရှိတယ်
မချိုမြတဲ့ အပြုံးနဲ့ လိမ်ညာတတ်တဲ့ မျက်ဝန်းတစုံလည်း ရှိရဲ့
သူဟာ ငါ့အတွက်တော့ နားမလည်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။

သုကြာ

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ