Friday, August 22, 2014
ဘ၀ (၁)
မာယာမျက်နှာဖုံးတွေနဲ့
ဟန်ဆောင်ပြီးတောင် မပြုံးဘူး
အဆင်မပြေခြင်း တစွန်းတစ က
မျက်ဝန်းဖျားမှာ တွဲသီတယ် ။
တိတ်ဆိတ်တဲ့ ၀န်းကျင်
ငိုချင်းတချို့တ၀က် နဲ့
နှလုံးသား ကို လာ လာ ဆွတယ်
တံခါးပိတ်မထားတဲ့ အခန်းထဲ
လောင်မြိုက်ခြင်းအတွေးတွေနဲ့
စိတ်ဝိဥာဉ်အချို့ အကျဉ်းကျနေဆဲ ။
ဟိုက ဒီက ခေါ်သံတွေဆူညံနေတယ်
ဘယ်ကိုသွားရမလဲ
ဘယ်က လာသလဲ
ရေရေရာရာမသိတော့တဲ့ အသိစိတ်ထဲ
ရေရေရာရာ သိတာတခုက
ဘာမှ သေချာခြင်းမရှိတဲ့ဘ၀တခု
နစ်မွန်းနေပြီ ။
သုကြာ
Saturday, July 26, 2014
အစွန်းတဖက် လွန်ထွက်ခဲ့သော်
"မောင် မောင် ထပါဦး သမီးလေး ဖျားနေလို့ "
" အာကွာ ငြိမ်းကလဲ ဒီအချိန်ကြီး ဘယ်ဆေးခန်းက ဖွင့်မှာလဲ"
"မဖွင့်တာတော့ သိတာပေါ့ မောင်ရယ် တခုခု လုပ်ပေးရအောင် ထပါ မောင်ရယ်"
"အာ ငြိမ်း လုပ်တတ်တာပဲ ကိုယ့်ဘာသာလုပ်ပေါ့ မောင် အိပ်ရေးပျက်ရင် ဒေါသထွက်တတ်တာ ငြိမ်းသိတယ်နော်"
"-----------------------------------"
"သိတယ် သိတယ် အိပ် အိပ် ရှင် အိပ်သာနေ သိလား အိပ်ရင်းနဲ့ အသက်ပါသွားဦးမယ်"
ငြိမ်းရဲ့ ဒေါသတကြီး ပြောသံကိုတောင် ပြန်မပြောနိုင်အောင် သကောင့်သားက အိပ်ပျော်သွားလေပြီလား အိပ်ချင်ယောင်ဆောင်နေပြီလား မသိ ။ နှိုးမိတဲ့ ငြိမ်းကိုငြိမ်းသာ ပြန်အပြစ်တင်မိတော့သည် ။
"အီး ဟီး "
"အေး အေး တိတ်ပါ သမီးရယ်"
သမီးလေးကို ချော့မော့ရင်း ရေပတ်တိုက်ပေးဖို့ လုပ်ရသည်။ မေမေ သင်ပေးထားသည့် ဆေးမြီးတို လေးတွေနှင့် သက်သာလို သက်သာငြား ပြုစုပေးရသည်။ ယခုအချိန် ငြိမ်းခေါင်းထဲမှာ သမီးလေး သက်သာလာဖို့သာ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
ငြိမ်း အလုပ်တွေ လက်စသတ်ရင်း သမီးကလေးဆီ စိတ်ကရောက်နေသည် ။ သမီးလေးကို ဆေးရုံမှာ မေမေ နှင့် အပ်ထားရပြီး အလုပ်လုပ်နေရသည်ကိုပင် စိတ်ကမဖြောင့် ။ အလုပ်ကို ပြီးနိုင်သလောက် လက်စသတ်ရင်း ခွင့် လျှောက်လွှာပါ တခါတည်း တင်ခဲ့ဖို့ စီစဉ်ရသည် ။ ငြိမ်းအတွက်တော့ သမီးလေးထက် ဘာမှ အရေးမကြီး ။
"မေမေ ပြန်ချင်ပြန်လေ ငြိမ်းရောက်ပြီပဲ မေမေ နားပါတော့"
"အင်းပါ သမီးရယ် အော် သမီး ခွင့်တင်ခဲ့ပြီလား"
"ဟုတ် မေမေ တခါတည်းတင်ခဲ့လိုက်တယ်"
"အေးကွယ် ---- မောင်ကျော်ရော "
"---------- မသိပါဘူးမေမေရယ် သမီးတယောက်လုံးဆေးရုံတင်ထားရတာကို မဆိုင်သလိုနေနိုင်လွန်းလို့ စိတ်ကုန်ပါတယ်"
"ဟင်း---------------"
မေမေ့ ရဲ့ သက်ပြင်းရှိုက်သံနောက်မှာ ဘာစကားမှ ထပ်ထွက်မလာပေမယ့် မေမေ့မျက်ဝန်းတွေကို ငြိမ်းနားလည်နိုင်ပါတယ် မေမေရယ် ။
မေမေ့ဆန္ဒ ၊ မောင်နှမတွေရဲ့ ကန့်ကွက်မှုတွေကို ဆန့်ကျင်ပြီး ငြိမ်း ဇွတ်တိုးခဲ့တဲ့ ငြိမ်းရဲ့ အိမ်ထောင်ဘက် က ဒီလို စိတ်ပျက်စရာဖြစ်လာစေတဲ့အတွက် ငြိမ်း ရှက်မိပါသည် ။ ဘယ်တုန်းကမှ ဆုံးဖြတ်ချက် မမှားခဲ့ဖူးတဲ့ ငြိမ်းဟာ ကျော်မြတ် ဆိုတဲ့ ကောင်လေးကို ရွေးချယ်မိတဲ့အတွက် မှားမယ်လို့လည်း မထင်ခဲ့ဖူးသူပါ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
"ငြိမ်း ဟိုကိုယ်တော်လေး ရုံးရှေ့ရောက်နေပြန်ပြီတော့"
သူသူ့ စကားကြောင့် ငြိမ်း ရင်တချက်လှိုက်ခနဲ ခုန်သွားသည် ။ ပြတင်းပေါက်က ကြည့်လိုက်တော့ လမ်းလျှောက်ရင်း ငြိမ်းရှိရာအထပ်ကို မော်ကြည့်နေသည့် သူ့ ကို မြင်လိုက်ရတော့ စိတ်ထဲမှာ ကျေနပ်သလိုလို ။ ညနေအိမ်အပြန်လမ်းမှာ သူ့ ကို မတွေ့ရပြန်ရင်ပဲ ငြိမ်း ရင်ထဲမှာ ဟာ နေသလိုပါ ။
လ တွေကြာလာတော့ ငြိမ်းနဲ့ သူနဲ့ တရားဝင် ချစ်သူတွေဖြစ်လာခဲ့သည်။ မောင် က အချွဲကောင်းသည်လေ ။ ပထမဆုံး ရည်းစားထားဖူးတဲ့ ငြိမ်းအတွက်တော့ မောင့် ကို အသက်လောက်ပင် ချစ်သည်။ အဲ့ဒီအချိန်တုန်းကတော့ မောင့် အချစ်တွေကို အစစ်တွေဟုသာ ထင်မြင်ခဲ့မိလေသည် ။
မောင် နဲ့ ငြိမ်း ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်မှာ မေမေ သိသွားခဲ့သည်။ လုံးဝသဘောမတူပါတဲ့လေ ။ အကြောင်းပြချက်ကတော့ မောင် က ငြိမ်းထက် ငယ်နေလို့တဲ့ ။ မေမေ့အကြောင်းပြချက်ကို ငြိမ်း သဘောမတူခဲ့ပေ ။ ငြိမ်းအကြောင်းပြချက်ကတော့ အချစ်တွေ တူနေဖို့သာအဓိက ဆိုတာကိုတော့ မေမေ့ကို မပြောဖြစ်ခဲ့ပါ ။
မေမေ သဘောမတူကြောင်းသိသွားသည့်မောင်က ငြိမ်းကို သူနဲ့လိုက်ခဲ့ဖို့သာ တွင်တွင်ခေါ်နေတတ်တော့တာ ။ ငြိမ်း အသိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော မောင် သာမင်းမူနေခဲ့တော့ မောင်နဲ့နှစ်ယောက် တစ်ဘ၀ ထူထောင်ဖို့ မောင့်နောက်ကို လိုက်ဖို့ ငြိမ်း ဆုံးဖြတ်လိုက်တော့သည် ။ မေမေ စိတ်ပူပန်ရမှာထက် မောင် စိတ်ငြိုငြင်သွားမှာကိုသာ ထိုအချိန်က အကြောက်ဆုံးဖြစ်ခဲ့ရသည်အထိ ငြိမ်း စိတ်တွေ မိုက်မဲဖူးသည်လေ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
အိမ်ထောင်သက် တစ်နှစ်ကျော်လောက်မှာ မောင့်ခြေလှမ်းတွေ မူမမှန်တော့တာကို ငြိမ်း သတိထားမိလာသည်။ အရင်ကလို ငြိမ်းအနားမှာ သိပ်မနေတော့ပဲ ငြိမ်းနဲ့စကားပြောရမှာကို ရှောင်ဖယ်ဖယ် လုပ်လာတာ ၊ ငြိမ်း နဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ သိပ်စိတ်မ၀င်စားတော့တာတွေကို တဖြည်းဖြည်းနဲ့ ငြိမ်း ခံစားလို့ရလာသည် ။ မဟုတ်နိုင်ပါ မဖြစ်နိုင်ပါလို့ ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ် အားပေး ပေး မောင် အိမ်ပြန်မလာတဲ့ ညတွေ များလာတော့ ငြိမ်း စိတ်တွေ ဆောက်တည်ရာမရတော့ပြီ ။
"မောင် မနေ့ညက ဘယ်မှာအိပ်လဲ
မောင် မကြည်သလို စိုက်ကြည့်လာသည်။ ထို အကြည့်တို့ကို ငြိမ်းရင်မဆိုင်ရဲ ။ မောင့်စိတ် ငြိုငြင်သွားမှာကို ငြိမ်း စိုးသည်။
"ဘာလဲ မောင့်ကို မယုံလို့လား"
"မဟုတ်ပါဘူး မောင်-------- ငြိမ်းက ---- စိတ်ပူလို့မေးတာပါ"
ဤသို့သာလျှင် ငြိမ်းက ပြီးလိုက်ရသည်ချည်းသာ ။ ဟုတ်တယ် မောင့်ကိုမယုံဘူး လို့ ပြောလိုက်မိလို့ အဲ့ဒီစကားရဲ့နောက်မှာ မောင်များတခုခု ပြောမလားဆိုတဲ့အတွေးနဲ့ ငြိမ်း ရင်ဝမှာ တစ်ဆို့နေခဲ့တာ ။ ငြိမ်း ရင်ထဲမှာ မသေချာတဲ့ သံသယ တခုအတွက် နဲ့ မောင့်အမုန်းတွေကို ရင်မဆိုင်နိုင်ခဲ့တာ ။ ပြီးတော့ မောင့်ကို ချစ်လို့ မောင့်ကို အဆုံးစွန်ထိ ယုံကြည်နေချင်မိတာ ငြိမ်း မှားခဲ့တာလား ။ နောက်ရက်တွေမှာတော့ ငြိမ်း က တခုခုကို ပြောဖို့ကြံစည်လိုက်တိုင်း မောင့်ရဲ့ အကြည့်ခါးခါးတွေအောက်မှာ ငြိမ်းကိုယ်ငြိမ်း သိမ်ငယ်ခဲ့ရဖူးလေသည် ။
အိမ်ထောင်ရေးမှာ အဆင်မပြေလေ မေမေ့ ကို သတိရလေ ။ ငြိမ်း အိမ်ကိုသွားသည့်အခါတိုင်းမှာ မေမေ အပါအ၀င် မောင်နှမတွေ ရဲ့ ငြိုငြင်မှုတွေကို မတွေ့ရတော့ ကိုယ့်အိမ်ထောင်ရေးကို ပိုလို့ အရှက်ရမိသည် ။ ငြိမ်း ရဲ့ ဆုံးဖြတ်ချက် ၊ ငြိမ်း ရဲ့ အချစ်တို့ မှားခဲ့လေပြီ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
"ငြိမ်း ရှင့် ယောကျာ်းကို ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ကိုယ်တို့ ရပ်ကွက်ထဲက တိုက်ခန်းပေါ်ကနေ ဆင်းလာတာ မောင်နှမ ဟုတ်ဟန်မတူဘူး တစ်ယောက်လက် တစ်ယောက်တွဲလို့ ကိုယ်တွေ့တာ ခနခန ရှိပြီနော် ရှင့်ကို ပြောသင့် မပြောသင့်စဉ်းစားနေလို့ ကြာသွားတာ "
သူသူ့စကားတွေ ကို ငြိမ်းပြန်ပြန်ကြားယောင်နေတတ်တာ ၊ ညစဉ်အိပ်မက်ထဲမှာ မောင် နဲ့ ကောင်မလေးတစ်ယောက်ကို မြင်မက်နေမိတာတွေက ငြိမ်း သံသယတွေကြောင့်လား မောင် ။ သူသူ့ စကားကို မဖြစ်နိုင်ဟန် စကားဆိုတော့ "ကိုယ် လက်တွေ့ပြလို့ရတယ်" တဲ့ ။ ဟင့်အင်း ငြိမ်း မမြင်ပါရစေနဲ့ ။ မောင့်နားမှာ ငြိမ်းမဟုတ်တဲ့ သူစိမ်းမိန်းမတစ်ယောက်ရှိနေတယ်ဆိုတာကို ငြိမ်း မမြင်ပါရစေနဲ့ ။
အိပ်ပျက်ညတွေ ရဲ့ အလွန် မောင့်ကို ဖွင့်မေးတော့မယ် လို့ ငြိမ်း ဆုံးဖြတ်လိုက်ချိန်မှာပဲ ငြိမ်းမှာ မောင့်ရင်သွေးလေး ရှိနေတာကို ငြိမ်း သိလိုက်ရသည်။ အိပ်ပျက်ညတွေ များလို့ ခေါင်းမူးပြီး နေလို့မကောင်းဘူး အထင်နဲ့ ဆေးခန်းကို ရောက်ခဲ့တော့ ငြိမ်းမှာ ရင်သွေးလေး ရှိနေပြီတဲ့ ။ ငြိမ်းပျော်လိုက်တာလေ မောင့်ကို ချည်နှောင်ဖို့ ကြိုးလေးတစ်ချောင်းကို ငြိမ်း ဖမ်းဆုပ်မိပြီပေါ့ ။
"မောင် ငြိမ်း အခုဆေးခန်းကပြန်လာတာ ငြိမ်းမှာ ကိုယ်ဝန်ရှိနေပြီတဲ့ "
မောင့်ကိုပြောလိုက်ရင်း မောင့်မျက်ဝန်းတွေထဲကို စူးစမ်းမိတော့ ကြည်နူးရိပ်တွေအစား စိတ်ရှုပ်သွားသည့်အရိပ်အယောင်တွေကိုပဲ ငြိမ်း ဖတ်လိုက်မိသည် ။ ငြိမ်း အမြင်မကြည်လင်တာကြောင့် အမြင်မှားတာပါ ဟု ကိုယ့်ကိုကိုယ် အားပေးရင်း မောင့် ကို ယုံကြည်ဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရသေးသည်။
"မောင် ၀မ်းမသာဘူးလားဟင်"
"အင်း ------ ၀မ်းသာပါတယ် ဒါပေမယ့် မောင်တို့မှ အဆင်သင့်မဖြစ်သေးတာ ကလေးယူတာ မစောဘူးလား"
"ဘာကိုအဆင်သင့်မဖြစ်တာလဲ မောင် ဘာလဲ စီးပွားရေးလား ငြိမ်းလည်း အလုပ်ရှိတယ် မောင်လည်း အလုပ်ရှိတယ် ကလေးတယောက်ကို အဆင်ပြေပြေ စောင့်ရှောက်နိုင်ပါတယ် မောင်ရယ်"
"ဟူး ----- မသိတော့ဘူးကွာ"
ပြောရင်းကနေ ထ ထွက်သွားတဲ့ မောင့်ရဲ့ နောက်ကျောပြင်ကို ငေးရင်း ငြိမ်း သတိရလိုက်သည် ။ မ ကို ခင်မှ ဥ ကို မင်မယ် လေ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
ဒီလိုနဲ့ ငြိမ်း ရဲ့ ကိုယ်ဝန်သာ တဖြည်းဖြည်း နဲ့ ရင့်လာသည် ဆေးခန်းသွားတိုင်း မောင် မပါ ။ ဆရာဝန်က အမျိုးသားမပါဘူးလား ဟုမေးတိုင်း အပြုံးယဲ့ယဲ့ နဲ့ ခေါင်းခါပြရသည်သာ ။ ငြိမ်းပုံစံက လင်ကောင်မပေါ်ပဲ ကလေးမွေးရသည့် အဖြစ်နှင့် ဆင်ဆင်တူနေပြီလားဟူသော အတွေးက ဆေးခန်းပြတိုင်း ၀င်လေသည်။ ငြိမ်းအတွက် အားကိုးရာအဖော်သည် ငြိမ်း၏ မိသားစုမှတပါး မရှိပြီ။
တစ်နေ့ -------- အဲ့ဒီတစ်နေ့ကို ယခု အချိန်ထိ မမေ့ ။ အဲ့ဒီနေ့က မောင် အရက်တွေမူးပြီးပြန်လာသည် ။ အို အဲ့ဒီနေ့တင်မဟုတ်ပါဘူး ငြိမ်း ကိုယ်ဝန်ရှိလာချိန်မှ စပြီး မောင် အရက်သောက်ပြီးပြန်ပြန် လာတတ်သည် ။ နည်းနည်းမူးတာနဲ့ များများမူးတာပဲ ကွာသည် ။ အိပ်နေသည့် ငြိမ်းကို ဇွတ်နှိုးပြီး ပြဿနာရှာတော့သည် ။
"ဒီမှာ ဒေါ်ယဉ်သူငြိမ်း ရဲ့  ခင်ဗျားက ကျုပ်ဘ၀ကို ဖျက်ဆီးတာပဲ ဟင် ခင်ဗျားဘာလို့ ကျုပ်နဲ့လက်ထပ်ခဲ့ရတာလဲပြောစမ်းပါဦး "
"မောင် ပဲ ငြိမ်းကို ဇွတ်အတင်း လိုက်ခဲ့ဖို့ခေါ်ခဲ့တာလေ မောင် ငြိမ်း အမှားလား ပြောပါဦး"
"ဟုတ်ပါတယ် ကျုပ် မိုက်လို့ မှားလို့ ခင်ဗျားကို ခေါ်ခဲ့မိတာပါ ဒါပေမယ့် ခင်ဗျားက ဘာလို့ လိုက်ခဲ့ရတာတုန်း ""
ဘာ --- တော်တော့ မောင် မူးနေရင် အိပ်တော့ ကျမ ကို ပြဿနာ မရှာနဲ့ "
"ဟားဟား ကျုပ် မူးနေတာဟုတ်တယ် ဒါပေမယ့် ပြောချင်တာတော့ ပြောရမှာပဲ ဒီမှာ ခင်ဗျားကြောင့် ကျုပ် လူပျိုဘ၀နဲ့ နေရမယ့် အချိန်တွေ ဆုံးရှုံးခဲ့ရတယ် ခုလည်း ကျုပ် တကယ်ချစ်ရမယ့်သူတွေ့လာတော့ ခင်ဗျားက ကလေး နဲ့ ကျုပ်ကို ချုပ်ချင်တယ် ဟားဟား မရဘူးနော် ကျုပ် ဆိုတဲ့ကောင်ကို ဘာနဲ့မှ လာမချုပ် နဲ့ ခင်ဗျား မှတ်ထားရမှာက ခင်ဗျားကို တနေ့ကျ ကျုပ် ကွာရှင်းမှာ အဲ့ဒါကို မှတ်ထား "
မောင်ကတော့ ပြောချင်တာပြောပြီး အိပ်ပျော်သွားပြီ ။ မအိပ်နိုင်သူက ငြိမ်းရယ်ပါ ။ မူးလို့ပြောသည့် စကားဆိုပေမင့် မောင့်စကားတွေသည် မောင့်ရင်ထဲကလာသော စကားများဖြစ်နေသည် ။ ငြိမ်း နှင့်ပတ်သက်ပြီး မောင့်သဘောထားကို ငြိမ်း သိလိုက်ရပေပြီ ။ ငြိမ်း ကို မောင် မချစ်ခဲ့ဖူးပေါ့နော် ။ ဟင့်အင်း ချစ်တာတော့ ချစ်မှာပါ ခုက မောင်တွေဝေနေတာပါ နော် ငြိမ်း နားကြားမှားတာပါနော် ။ ငြိမ်း မကြားခဲ့ဖူးလို့ သဘောထားပါရစေမောင် ။
*************************
"အား ကျွတ် ကျွတ် "
မွေးချင်ပြီလားမသိ ။ ငြိမ်း ဗိုက်ထဲက မခံနိုင်အောင် နာကျင်လာသည် ။ ခါးတွေလည်း ကိုက်လှပြီ ။ ဆေးခန်းမှပေးထားသည့် ဂျူးဒိတ်ကလည်း နီးနေပြီမို့ ဗိုက်ထဲက ကလေးက အပြင်ထိုးထွက်လာလေပြီ ။ မောင့်ကို နှိုးဖို့ ကြည့်လိုက်တော့ မောင်က မရှိ ။ ငြိမ်း အားတင်းပြီး ဖုန်းခေါ်သည် ။ ဖုန်းက စက်ပိတ်ထားသည်ချည်း အော်နေသည်မို့ ဖုန်းဆက်ရတာ အားပင် ပြတ်လုလု ။ နာကျင်ခြင်းက တဖက် ၊ ၀မ်းနည်း အားငယ်ခြင်းက တဖက် ငြိမ်း မေမေ့ကို သတိရမိသည် ။မေမေ့ဆီဖုန်းခေါ်လိုက်တော့ မေမေ နှင့် မောင်နှမတွေ ချက်ခြင်းရောက်ချလာသည် ။ ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပင် ငြိမ်း၏ ရင်သွေးလေး လူ့လောကထဲ ရောက်လာခဲ့လေပြီ ။ သူနာပြုဆရာမ၏ သမီးလေးမွေးတယ် ဆိုသည့် စကားသံအဆုံး ငြိမ်း ရင်ထဲမှာ အေးချမ်းခြင်းတွေ နဲ့ အရာအားလုံးကို ခေတ္တမေ့ပြီး အိပ်စက်ပစ်လိုက်တော့သည် ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
"သမီး မေမေ ပြန်တော့မယ်နော် ကျန်းမာရေးဂရုစိုက်ဦး လူကြီးကျန်းမာမှ ကလေးကို စောင့်ရှောက်နိုင်မှာမလား ဘာမှ လျှောက်တွေးမနေနဲ့ ကြားလား"
"ဟုတ် မေမေ"
မေမေ့စကားသံကြားမှ ငြိမ်း အတိတ်က နိုးထလာခဲ့သည် ။ အို ငြိမ်းအတိတ်က ပြန်တွေးကြည့်မှ အလွန်ခါးသီးလေစွ ။ မေမေ့မေတ္တာကို ဥပေက္ခာပြုမိခဲ့၍ ငြိမ်း ကံကြီးထိုက်ခြင်းများလား ။ မေမေ့စကားသံအချို့ ကို ပြန်ကြားယောင်မိသည် ။
"သမီးပဲစဉ်းစားကြည့် ခု သမီးအသက် ၃၀ မှာ ကောင်လေးအသက်က ၂၂ ၊ မိန်းကလေးဆိုတာ အရွယ်ကျလွယ်တယ် သမီးရယ် ၊ သမီး အသက် ၄၀ မှာ ဟိုက ၃၂ ပဲ ရှိဦးမှာ ကိုယ်က ကျတဲ့ အရွယ် သူက တတ်တဲ့ အရွယ် လူမှုရေးကိစ္စတွေ ကို သမီးပဲ တွေးပြီး စိတ်ပင်ပန်းရမှာ "
အဲ့ဒီအချိန်တုန်းကတော့ မောင်က အဲ့လိုလူမျိုးမဟုတ်ပါဘူး လို့ အတွေးထဲမှာတော့ ကတ်ကတ်လန်ခဲ့တာ ။ ခုတော့ ငြိမ်း မေမေ့ကို မျက်နှာပင် မပြ၀ံ့ပါချေ ။
"မေမေ ဖေဖေ မလာသေးဘူးလားဟင"်
ဖျော့တော့သော သမီး၏ အသံလေးက ငြိမ်းရင်မှာမချိ ။ ဆေးရုံစတတ်သည့်နေ့ ခနသာပဲ လာခဲ့ပြီး အကြောင်းအမျိုးမျိုးပြကာ နောက်တခေါက် ထပ်လာဖို့ဆိုတာအတွေးတောင်မရှိသော အဖေ ကို သမီးလေးက တ, နေသတဲ့လားကွယ် ။
"အင်း လာမှာပါ သမီးရယ် မေမေ ခေါ်ပေးမယ်နော်"
မောင့်ဆီဖုန်းခေါ်လိုက်သည် ။ တခါ ၀င်သွားသည် မကိုင် ။ နှစ်ခါ သုံးခါ လေးခါ ဆက်တိုက်ခေါ်မှ မကောင်းတတ်၍ ကိုင်လိုက်သည်ထင့် ။
"မောင် သမီးက မောင့်ကိုမေးနေတယ် ဆေးရုံခနလာခဲ့ပေးပါ မောင်ရယ်"
"အာ ငြိမ်းကလည်း မောင် အခု ဧည့်သည်တွေနဲ့တွေ့နေတယ် ညမှလာမယ်ကွာ ကလေးကို နားလည်အောင်ချော့ထားလိုက် ဒါပဲနော် "
ဟင်း----------- ငြိမ်း သက်ပြင်းပူတို့ မှုတ်ထုတ်လိုက်ပြီး သမီးလေး ကို ဘယ်လိုပြောရပါ့ ။သမီးမျှော်နေသည့် အဖေက သူပြောသည့် ညမှာတောင် ရောက်လာပါ့မလားကွယ် ။
+++++++++++++++
သမီးလေး က ခနနေ ကိုယ်တွေ တအားပူလာလိုက် ခနနေ အေးစက်သွားလိုက်နဲ့ လုံးဝ စိတ်မချရတဲ့အခြေအနေမို့ ငြိမ်း ရင်တွေထဲ မီးစ နှင့် ထိုးသလို ပူလောင်နေရလေသည် ။သမီးလေး ခဗျာ အရွယ်နှင့် ဝေဒနာ မမျှလေခြင်း ။ ငြိမ်းသာ ကိုယ်စားဝင်ခံပေးလိုက်ချင်သည် ။
"သမီး သမီး လာကြပါဦး လာကြပါဦးရှင် သမီးလေး သမီး"
ရုတ်တရက် မျက်ဖြူလန်ပြီး တက်သွားသည့် သမီးကြောင့် ငြိမ်း လန့်သွားသည် ။ ဒါပါနဲ့ဆို သမီးလေး တက် တာ သုံးခါရှိပြီဆိုတော့ ---------- ဘုရား ဘုရား
"ဆရာ ဆရာ ကယ်ပါဦး ဆရာရယ် သမီးလေးကို ကယ်ပါဦး"
ဆရာဝန်တွေရော သူနာပြုတွေရော ပျာယာခတ်သွားကြသည် ။ သမီးလေး က တက် သွားရာမှ ရုတ်တရက် ငြိမ်ကျသွားလေပြီ ။ ဆရာဝန်ကြီးက နားကျပ် ကို သမီး၏ ကိုယ်ပေါ်မှ ဖယ်ရှားလိုက်ပြီး ခေါင်းတချက် ခါ ပြလိုက်ချိန်မှာတော့ ငြိမ်း သည် အမှောင်နယ်ထဲသို့ ကျသွားလေတော့သည် ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
(((((((((( သမီး သမီး ))))))))))
ငြိမ်း အိပ်မက် နေတာပဲ ။ အိပ်မက်ထဲမှာ သမီးလေးက သူ့အဖေ ကိုပဲ တတွတ်တွတ် ခေါ်နေသည် ။ သေခါနီး အချိန်မှာတောင် ရောက်မလာခဲ့သော ဖအေ ကိုမှ သမီးလေးက စွဲလမ်းနေရှာသည်ပဲ ။ သတိတရ အိပ်ရာပေါ်ကို ကြည့်လိုက်တော့ ထုံးစံအတိုင်း မောင် မရှိ ။ အို ဒီအိပ်ရာပေါ်မှာ ငြိမ်း တယောက်တည်း အိပ်ခဲ့ရသည့်ရက်တွေ ကြာလှပြီပဲ ။ နေ့လည်ဘက်သာ ခနတဖြုတ်ပြန်လာတတ်သည့် မောင်က ပြန်လာသည့်အချိန်ခနလေးမှာတောင် ငြိမ်းကို နွေးနွေးထွေးထွေးမဆက်ဆံတော့ ။ ကွာရှင်းပေးဖို့သာ တွင်တွင်တောင်းဆိုနေတတ်သည့် မောင့်ကို ငြိမ်း ခွဲခွာဖို့ အချိန်တန်လေပြီ ။ နာရီကို ကြည့်လိုက်တော့ မနက် (၃) နာရီသာ ရှိသေးသည်မို့ ပြန်အိပ်ဖို့ ကြိုးစားပေမယ့် ငြိမ်း အိပ်၍မရတော့ ။ အိပ်လို့မပျော်တော့သော ငြိမ်းအတွက် အတွေးတို့က တရစပ် အမျှင်မပြတ်လေပြီ ။ အတွေးတိုင်းသည် မောင့်အကြောင်းတို့သာ ။
ထိုသူသည် ငြိမ်း ဘ၀ကို ပြောင်းလဲစေခဲ့သူ ၊ ငြိမ်း အချစ်တို့ကို စော်ကားခဲ့သူ ၊ ငြိမ်း နှင့် သမီးလေးကို သေကွဲကွဲစေခဲ့သူ ၊ အို ထိုယောကျာ်းသည် ငြိမ်း ဘ၀ ကို ဖျက်ဆီးသူသာ ဖြစ်လေသည် ။ လူ့ဘောင်စည်းကမ်းကို ဖောက်ဖျက်သောသူ ၊ အေးချမ်းသော ငြိမ်း၏ မိသားစုကို စိတ်ဆင်းရဲစေသူ ၊ ငြိမ်း ၏ စိတ်ကို အမျိုးမျိုးအဖုံဖုံ နှိပ်စက်လေသူ ။ မုန်းသည် ထိုယောကျာ်း နှင့် ငြိမ်း ခွဲခွာရန် ဆုံးဖြတ်ရပေတော့မည် ။ ဟုတ်သည် ငြိမ်း မောင့်ကို အမုန်းကြီး မုန်းလေပြီ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
သမီးလေး ဆုံးတာ သုံးလပြည့်သည့်ည ငြိမ်း အိပ်၍မရ ။ ဘယ်လိုပင် အိပ်ပျော်ဖို့ကြိုးစားလည်း အိပ်မရသည်မို့ ငြိမ်းတို့တိုက်ခန်း၏ ရှေ့ လှေကားခုံလေးမှာ ထိုင်နေမိသည် ။ တိုက်ခန်းတခုလုံးက အိပ်မောကျနေပြီမို့ အပေါ်ထပ်အခန်းတွေရော ၊ အောက်ထပ်အခန်းတွေရော မီးရောင်ပင် မရှိတော့ ။ ည ၏ လအရောင် မှိန်မှိန်လေးသာ မလင်းချင် လင်းချင်ဖြစ်နေသည် ။ ငြိမ်း ထိုင်ကာ သမီးလေးအကြောင်းတွေးနေမိရင်း ခြေသံကြား၍ အောက်ထပ်ကို ကဲ ကြည့်လိုက်တော့ တက်လာသူက မောင် ။
ငြိမ်း ချစ်သည့် မောင် ၊ ငြိမ်း မုန်းသည့် မောင် ။ ပြန်လာသေးသည်ပဲ ပြန်လာဖို့ မမျှော်လင့်ထားသည်မို့ ရုတ်တရက်တော့ အံ့သြမိသား ။ လှေကားကိုလေးဘက်ထောက်တော့ မတက် , တက်လာသည်မို့ တော်တော်မူးနေပုံပေါ်သည်ပဲ လှေကားလက်ရန်းတွေကို ကိုင်ထားသည့်လက်တွေက မခိုင်ချင် ။ ဟုတ်သည် ငြိမ်း အမှောင်ရိပ်မှာ ရပ်နေရင်း ကြည့်မိတော့ လှေကားလက်ရန်းသည် ငြိမ်း ရပ်နေသည့် ဘက်မှာ မောင့်လက်များက အရာဝတ္ထု တစ်ခုခုကို ဆုပ်ကိုင်ဖို့ပင် အားမရှိသလို အလွဲလွဲအချော်ချော် ။ ငြိမ်း ခေါင်းထဲ အတွေးတချက် လက်ခနဲ ၀င်လာသည်က မောင် နှင့် ငြိမ်း ခွဲခွာရန် အချိန်တန်ပေပြီ ။
ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
"မငြိမ်း မငြိမ်း "
"ရှင် လာပြီနော်"
တံခါးကို ဖွင့်လိုက်တော့ တိုက်ခန်းမှလူများနှင့် ရပ်ကွက်လူကြီး သုံးယောက်လောက်ကို တွေ့လိုက်ရသည် ။
"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲရှင်"
"လှေကားမှာ မငြိမ်း အမျိုးသား သေနေလို့ "
"ရှင် "
ငြိမ်း အပြေးအလွှားလိုက်ကြည့်မိတော့ လှေကားရင်းမှာ သွေးအိုင်ထဲခွေကျနေသည့် မောင် ။
မောင် မောင်ရေ ထပါဦးမောင်ရယ် ငြိမ်းကို ကြည့်ပါဦး
ငြိမ်း ငိုချမိလိုက်ရင်း မောင့် ညာဘက်လက်ဖျားလေးကို ဆုပ်ကိုင်လိုက်မိတော့ အေး စ ပြုနေလေပြီ ။ ခနနေတော့ ရဲများရောက်လာပြီး မောင် သေနေသည့်ပုံစံကို ပုံစံမပျက် ဓာတ်ပုံရိုက်ယူခြင်း ၊ စစ်ချက်ယူခြင်းများပြုလုပ်ပြီး မှုခင်းဆရာဝန်၏ ထောက်ခံချက်အရ အရက်သေစာသောက်စား အမူးလွန်ပြီး ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ လှေကားမှ ပြုတ်ကျရာမှ ဇက် ခေါက်ပြီး သေသည် ဟု အတည်ပြုလိုက်ကြလေသည် ။
မောင့်နာရေး ရက်လည် ပြီးတော့ ငြိမ်း အဲ့ဒီတိုက်ခန်းမှ မေမေတို့အိမ်သို့ပြောင်းရန် စီစဉ်သည် ။ လူတွေကတော့ ငြိမ်းကို သမီးရော ယောကျာ်းပါ ဆုံးရှုံးလိုက်ရသည့် မုဆိုးမလေးအဖြစ်သနားကြသည် ။ ငြိမ်းကတော့ ထိုအဖြစ်ကို ကျေနပ်သည် ။ ထိုနေ့ညကသာ လှေကားလက်ရန်းကို ကိုင်ထားတဲ့ မောင့်လက် ကို ငြိမ်း မဖြုတ်ပစ်ခဲ့လျှင် ယခုအချိန်မှာ ငြိမ်း စိတ်ဆင်းရဲနေရဦးမည် ။
မောင် နှင့် အတူ နေထိုင်ခဲ့သည့် အိပ်ယာလေးကို တချက်ကြည့်ကာ ငြိမ်း ကျေနပ်စွာ ပြုံးလိုက်သည် ။
သွားတော့ မောင်ရေ ဒီဘ၀ မှာ မောင် တာဝန်မကျေခဲ့တဲ့ သမီးလေးရဲ့ ဖခင်နေရာကို နောက်ဘ၀ မှာ ကျေအောင်ပေးဆပ်လိုက်တော့ မောင် သမီးလေးအတွက် ငြိမ်းအတွက် ပျောက်ကွယ်ပေးရတဲ့အတွက် မောင် ကျေနပ်လိုက်ပါ ။
သုကြာ
Friday, July 25, 2014
နင်မသိခဲ့ပါဘူး ကိုကို
နင်မသိဘူး မလား
နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာကို
နင် မသိဘူးမလား
နင် မရှိမှန်းသိရက် နဲ့ ငါ လိုင်းပေါ် ခနခန ရောက်မိနေတာကို
နင်မသိဘူးမလား
နင် မဖြေမှန်းသိရက် နဲ့ ခနခန မေးနေမိတာကို
နင်မသိဘူးမလား
နင့်ကို သေလောက်အောင် လွမ်းနေတာကို
နင်မသိဘူးမလား
နင့်ဓါတ်ပုံလေး ကို ခနခန ကြည့်မိနေတာကို
နင်မသိဘူးမလား
နင် မသိမှန်းသိရက် နဲ့ နင့်အနား ခနခန လာမိနေတာကို
နင်မသိဘူးမလား
နင့် အကြောင်းကဗျာတွေ ခနခန ရေးမိနေတာကို
နင် မသိဘူးမလား
နင့်ကြောင့် ရင်တွေကွဲမတတ် ခံစားနေတာကို
ကိုကို
တကယ်ကို နင်မသိခဲ့ပါဘူးဟာ ----------
သုကြာ
Subscribe to:
Posts (Atom)