Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, July 12, 2013

သခင်မျိုးဟေ့ ဒို့ဗမာ








တကောင်းအဘိရာဇာ ၊ တို့ဗမာသာကီမျိုးဟာမို့ ၊ မညှိုးဂုဏ်တေဇာ
ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ခါ အောင်ခဲ့တာ.. တို့ဗမာ ။
စိန်မှန်ကင်းအစစ် ၊ အဖြစ်ကြီးဖြစ်လျှက် ၊ ထင်းတလှည့်ကြုံရ ၊ ထုံးနှင့်မသွေ ၊
လောကဓမ္မတာပေ ၊ ငါတို့ကံခေ ဖြစ်ရပြန်သလေ ၊ သို့သော်.. အရင်းကိုစစ်လျှင်.......
ဗမာပြေ ၊ ငါတို့... ငါတို့ပြေ..။
နောင်ဥဒါန်း ဘယ်မကြေစရာ..၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ ၊ တမ္ဘာတခွင်မှာဖြင့် ၊
ဗမာအထင်အရှား ၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ၊
တို့ဗမာ...၊ တို့ ဗမာ မဟုတ်လေသလား....
တို့ဗမာ.. ငါတို့ဗမာ..။ တို့ဗမာ.. ငါတို့ဗမာ..။
ဒါ.. ငါတို့ဗမာ..၊ ဒါ.. ငါတို့ဗမာ...။
အာလုံး..ညီညီ ၊ ယောက်ျားဘသားတို့ဗမာ၊
နောင်လာနောက်သား ကောင်းစာဖို့ရာ ၊ တို့ကိုယ်ကျိုးလုံးလုံးမပါ ၊
ရဲရဲဗမာပီပီ ဗမာပြေ.. တို့ ဗမာဖို့ပါ ၊
သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့.. တို့ဗမာ ၊
မိုးအောက်မြေတခွင်မှာ အထက်တန်းစိတ်နဲ့ ၊ စာမရီသွေး.. တို့ ဗမာ..။
(သံပြိုင်...။)
ကမ္ဘာမကြေ.... ဗမာတတွေ
ဒါ တို့ပြေ ဒါတို့မြေ ဒါ... ငါတို့ပြေ
ဒါ တို့ပြေ ဒါ တို့မြေ ဒါ.. ငါတို့ ပြေ
ဒါ တို့ ပြေ ဒါတို့မြေ ဒါ.. ငါတို့ ပြေ
တို့ဗမာ.. တို့.. ဗမာပြေ..
တို့တိုင်းရင်းသား အကုန် အစင် တို့ ပြေလို့မှတ်ထင် ၊
တို့ဝတ္တရားပင် တို့ဗမာသခင်၊
အမျိုးသားရေး.. ကြိုးပမ်းကြပါ ၊ တို့ဗမာ- ဟေ့.. တို့ဗမာ၊
အရှေ့ကနေဝန်းထွက်သည်ပမာပ ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ ၊
တို့ ဗမာ-ဟေ့. တို့ဗမာ ၊ ဗမာပြည်အဝှမ်းအကုန်
တို့ အိမ်မှတ်ပါ ၊ တို့ယာ မှတ်ပါ..၊
အဲဒါ တို့ဗမာ..
ကမ္ဘာမကြေ... ဗမာတတွေ..
ဒါ တို့ပြေ ဒါတို့မြေ ဒါ... ငါတို့ပြေ
ဒါ တို့ပြေ ဒါ တို့မြေ ဒါ.. ငါတို့ ပြေ
ဒါ တို့ ပြေ ဒါတို့မြေ ဒါ.. ငါတို့ ပြေ
တို့ဗမာ.. တို့.. ဗမာပြေ.....။

တို့ဗမာ အစည်းရုံး တည်ထောင်ကြသော အသက် ၂၀ ကျော်အရွယ် ကျောင်းသားတွေ ဖြစ်တဲ့
သခင်ဘသောင်း၊ သခင်းအောင်ဆန်းတို့ သခင် ၊ သခင်မတတွေ ရဲ့စာသားနှင့်တကွ
မန္တလေးသား သခင်တင် ဆိုသူက အချောသပ်ပီး တကောင်းကျောင်းဆောင်မှာ သံစဉ်ထည့်အစမ်း
သီဆိုခဲ့တယ်လို့ သိရပါတယ်...။ ၁၉၃၀ ဇူလိုင်လ ၁၉ ရက်နေ့..
နောက်တနေ့မှာ လူထုဆီကို အဲဒီ သချင်း စတင် ဖြန့်ဝေခဲ့တယ်..
၁၉၃၀ ဇူလိုင် ၂၀ ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီမှာ ရွှေတိဂုံစေတီ အနောက်မြောက် ရာဟုထောင့်မှာ ရှိတဲ့
ဦးစံထွန်း တံဆောင်း အသစ်ကြီးမှာ “တို့ဗမာ သီချင်း ” ကို အခမ်းအနားနဲ့ သီဆိုပြခဲ့တယ်..
“ ဗမာစောရင် နေထွက်” အနှိမ်ခံရတဲ့ စကားကို တော်လှန်ချင်တာကြောင့် သခင်ဘသောင်းက အချိန် တိတိကျကျနဲ့ အခမ်းနား စခဲ့တယ်.. မြန်မာတွေ အချိန်မလေးစားတာကို ပထမဆုံး စတင်တော်လှန်တယ်လို့ ဆိုပါတယ်..
အခမ်းအနားမှာ ပထမဆုံး ကုလားဗမာ အဓိကရုဏ်းမှာ ကျဆုံးခဲ့တဲ့ ဗမာအမျိုးသားတွေ အတွက်
တစ်မိနစ် မတ်တပ်ရပ် ဂါရဝပြုပါတယ်...။ ပီးတော့ သခင်ဘသောင်းက ဘာကြောင့် မောင် ၊ ဦး ၊ ကို အစား
ရှေ့မှာ သခင်တပ်ရသလဲ ဆိုတာကို အကျယ်တဝင့်ရှင်းပြခဲ့တယ်..။
ပီးတော့ တို့ဗမာ သီချင်းကို ဆိုမှာ ဖြစ်လို့ သီချင်းရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ကို လေးစားသော အားဖြင့်
မတ်တပ်ရပ် နားထောင်ဖို့ မေတ္တာ ရပ်ခံတော့ အားလုံးက မတ်တပ်ရပ် နားထောင်ကြပါတယ်...။
အဲဒီပွဲမှာ သီချင်းရေးတဲ့ ဝိုင်အမ်ဘီ သခင်တင်က ဆိုပီး နောက်ကကျန် သခင်တွေက သံပြိုင် လိုက်ကြတယ်လို့ သိရတယ်..
ဒီလိုသီချင်းမျိုးကို အရင်က မကြားဖူးတော့ ဆိုတဲ့ ဟန်ပန် ၊ အသံ ၊ဌာန် စတာတွေ အားနဲ့ မာန်နဲ့ ဆိုတာကြားရတော့
ပရိတ်သတ်တွေ ကြက်သီးဖြန်းဖြန်း ထခဲ့ကြတယ်လို့ ပြောကြတယ်..။
သိပ်ကြိုက်လွန်းလို့ နောက်တကြိမ် ပ်ဆိုခိုင်းပီး
သီချင်းစာရွက်တွေကို တရွက် တစ်ပဲနှုန်းနဲ့ ရောင်းတာ ခနလေးနဲ့ ကုန်သွားလောက်အောင်ပဲ ဖြစ်ခဲံရတယ်..
နောက်တနေ့မှာ သူရိယ သူတင်းစာမှာ တို့ဗမာ သီချင်း မကြားခဲ့ရသူတွေက ထပ်ဆိုပြဖို့တောင်းဆိုလာတယ်..။
တဆက်ထဲ တို့ဗမာ အစည်းအရုံးကို စာတွေ ရောက်လာတာလဲ မနည်းမနောပဲတဲ့..။
အဲဒီလိုနဲ့ပဲ သခင်တွေ သခင်မတွေဟာ အရင်က နိုင်ငံတော် သီချင်းလို ဖြစ်နေတဲ့ ၊ အခမ်းအနား အဖွင့် အပိတ်တိုင်းဆိုနေရတဲ့ GOD SAVE THE KING ဆိုတဲ့ အင်္ဂလိပ် အမျိုးသားသချင်းနေရာမှာ
တို့ဗမာ သီချင်းနဲ့ အစားထိုးခဲ့ကြတယ်.. ဒီသချင်းသံကြားရင် အင်္ဂလိပ် အလိုတော်ရိ တွေနဲ့ နယ်ချဲ့တွ ဖိန့်ဖိန်တုန်ခဲ့လို့ အင်္ဂလိပ်မောင်း ကမ္မဝါစာ လို့တောင် နာမည်ရခဲ့တယ်...
နောင် လွတ်လပ်ရေးရတဲ့ အခါမှာလဲ အခု တို့ဗမာသီချင်းကို အနည်းငယ် ပြုပြင်ပီး နိုင်ငံတော် သီချင်းအဖြစ် ပြဌာန်းခဲ့ကြတယ်..

ဗဟုသုတ အဖြစ်နဲ့ မဖြစ်မနေ သိထားရမယ့် တို့သမိုင်းတွေပေါ့..
သခင်နိုင်ငံတော် စာအုပ်မှ ကူးယူဖော်ပြပေးလိုက်ပါတယ်..
မြန်မာဆိုရင် မြန်မာ အကျင့်ကို ကျင့်နိုင်ကြပါစေ..
သက်နှင်း


နှစ်သက်မိတဲ့ ပို့စ်လေး   ပြန်မျှဝေပါတယ်။
ကူးယူတင်ပြခွင့်ပြုသော မူရင်းဆိုဒ်ကို ကျေးဇူးတင်ပါသည်။


                                                                  Thaepon

Tuesday, June 18, 2013

လမ်းခွဲခံရပြီဆိုရင်





လမ်းခွဲခံရပြီဆို --


ဖြတ်တဲ့သူကို သေချာ စဉ်းစားပြီးမှ ပြောတာ ဟုတ်မဟုတ်ပြန်မေးပါ။ ပြင်ဆင်သင့်တာ ပြင်ပေးမယ် ပြန် စဉ်းစားဖို့ရှိ မရှိမေးပါ။ မရှိဘူးဆို ဘယ်လောက် ခံစား ခံစား "လက်ခံတယ်" တစ်ခွန်း ပြောပြီး အဆက်သွယ် ဖြတ်လိုက်ပါ။

( နေနိုင်မှာတော့ မဟုတ်ဘူး ထင်တယ်။ :D ဒါပေမယ့် နေကြည့်ကြည့်ပါနော်။ )

တခါတလေ လူတွေက လိုက်လေ ပြေးလေ ဖြစ်တတ်တာမို့ ကိုယ့်ဘက်က တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းလိုက်တဲ့ အခါ သူ တကယ် ပြတ်နိုင်ပါလားဆိုပြီး ကိုယ့်အပေါ် ပြန် တွယ်တာ သွား ကြပါတယ်။ ကိုယ့်ဆီ ပြန်မလာရင်တောင် အနည်းဆုံး ကိုယ် သူ့ အတွက် စဉ်းစားပေးပါလား " ဆိုတဲ့ အတွေး လေး သူ့ဆီရောက် သွားမှာပါ။


သူ့ကို ပိုချစ်လား? ကိုယ့်ကိုယ်ကို ပိုချစ်လား?


သူ့ကို ပိုချစ်တယ်ဆို သူ စိတ်ချမ်းသာဖို့ အတွက် ဦးစားပေးလိုက်ပါ။ ဘယ်သူမဆို ကိုယ့်ချစ်သူ ပျော်ရွှင်တာကို မြင်ချင်တဲ့ သူတွေ ချည်းပါပဲ။

ကိုယ့်ကိုယ်ကို ပိုချစ်တယ်ဆိုလည်း ကိုယ့်ကို မချစ်တော့တဲ့ သူ တစ်ယောက် အတွက် ဘာလို့ ခံစား၊ ဖြည့်ဆည်းပေးနေတော့မလဲ? အဆိုးရွားဆုံးခံစားချက်က ကိုယ့်ချစ်သူ ကိုယ့်ဘေးနားမှာရှိနေပေမယ့် သူ့စိတ်က ကိုယ့်ဆီမှာ မရှိတာပါ။

ဘာပဲ ပြောပြော နောက်ဆုံးတော့ ဒီလမ်းပါပဲ။ :D



ရှောင်ရှား ၄ ချက်




"သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်"

လမ်းခွဲပြီးစ အချိန်မှာ အဲလိုသာ လုပ်ရင် ပို၍သာ ကြေကွဲ။ ဘာလို့ဆို ကိုယ်မှ သူ့အပေါ် ခံစားချက်တွေ မကုန်သေးတာ။ ပြန်ပြီး ကြိုးစားချင်တဲ့ စိတ်တွေ တဖွားဖွား ဖြစ်လာဦးမှာပဲ။ ဟိုဘက်ကတော့ ပြတ်ပြီဆိုမှတော့ စိတ်နိုင်လို့ ဖြတ်တာ၊ အရင်လို ဂရုစိုက်မှု၊ နွေးထွေး ကြင်နာမှုတွေ ပေးမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ ဘယ်သူခံစားရမလဲဆိုတော့ ကိုယ်ပဲ ခံစားရမှာ။

 ပြီးတော့ ကိုယ့်ချစ်သူက တခြားမိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားနေပြီလို့ ပြောတဲ့အခါ ကိုယ်ခံနိုင်ရည်ရှိမှာလား? သူ့နဲ့ ကိုယ် ဆက်ပြီး ခင်ချင်သေးတယ်ဆိုရင် နောက်ပိုင်း ခံစားချက်တွေ သွေးအေးသွားတဲ့ အချိန်မှ သူငယ်ချင်းဖြစ်တာ အကောင်းဆုံးပါ။

၁၀ မိနစ် ခြား တစ်ခါ ဖုန်းဆက်ခြင်း၊ တစ်နေ့တည်း မက်ဆေ့ဂ်ျ အစောင် ၅၀ ပို့ခြင်း

ဘယ်သူမဆို ကိုယ်မပြောချင်တဲ့သူတွေဆီက ဖုန်းတွေ တစ်ဂွမ်ဂွမ်၊ မက်ဆေ့ဂ်ျတွေ တတီတီ လာရင် စိတ်ကသိကအောက်ဖြစ်တာ အမှန်ပါပဲ။ ကိုင်လိုက်ရင် ကြေကွဲ၊ သတိရ၊ ဘယ်လိုခံစားနေရတဲ့ အကြောင်း တွေကို ပဲထပ်ခါတလဲလဲ။ အဲလို လုပ်လေ စိတ်ရှုပ်လေ။ ဂရုဏာ သက်မိရင်တောင်မှ အဲဒီလိုလုပ်မျိုး ဆက်တိုက်လုပ်ရင် သူ့ကို စိတ်ကုန်သွားစေမှာပါပဲ။

အသည်းကွဲပြခြင်း

ကိုယ်ကြေကွဲတာကို လူသိခံတာ ကိုယ်ပျော့ညံ့တယ်ဆိုတဲ့ အကြောင်းကြေညာတာနဲ့ အတူတူပါပဲ။ ဥပမာ၊ အသည်းကွဲလို့ အရက်စိမ်တာတို့၊ လက်ကို ဓားနဲ့ မွှန်းတာတို့။ တဇွတ်ထိုး လျှောက်လုပ်တာ နစ်နာရင် ကိုယ်ပါပဲ။ သူကိုယ့်ကို အဲဒါတွေ ကြောင့် ပြန်လက်ခံတယ်ထားဦး၊ အဲဒါက သနားချစ်ပါ။ သနားချစ်ဆိုတာ အဲဒီလူကို မသနားတော့ရင် အဲဒီအချစ်လည်း ကွယ်ပျောက်သွားတာပါပဲ။

နောက်ရည်းစား တစ်ယောက် ကောက်ထားခြင်း

မခံချင်စိတ်နဲ့ ဒီတစ်ယောက် ဖြတ်သွားလို့  နောက်တစ်ယောက်ရှာပြီး တွဲပြမယ်။ ကိုယ်ချစ်တာမချစ်တာ အသာထား။ ကိုယ်မချစ်ပဲနဲ့ ဟန်ဆောင်တွဲမှာလား? နောက်တစ်ယောက်အတွက်လည်း မကောင်းပါဘူး။

 အကယ်၍ ကိုယ့်တစ်ယောက်က ကိုယ့်ဆီ ပြန်လှည့်ချင်လာမယ်ဆိုတောင် ကိုယ်က ရည်းစားကြီးနဲ့ ဖြစ်နေရင် သူ့ဘက် က ပြန်လာဖို့ စဉ်းစားရလိမ့်မယ်။ သူနဲ့ ခဏဝေးတဲ့ အခိုက်အတန့်မှာ ဒီလို ဖြစ်သွားရင် ပြန်ယုံကြည်လို့ ရပါ့မလား အတွေးဝင်သွားရော။



စိတ်သည်သာ အဓိက


ကိုယ့်ကိုယ်ကို ပျော်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ အချိန်ပေးပါ။ သူတားမြစ်လို့  ကိုယ်လုပ်ချင်ပေမယ့် ချုပ်တည်းခဲ့တာတွေ ဒီအချိန်မှာ လုပ်လို့အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကိုယ် နစ်နာစေမယ့် အကြောင်းတော့ မဟုတ်ဘူးနော်။ Single ဖြစ်တာရဲ့ အကောင်းဆုံး အချက်က ကိုယ်လုပ်ချင်တာကို  ဘယ်သူ့ကိုမှ ငဲ့စရာမလိုတာပါ။




သူမရှိလည်း ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တယ်ဆိုတာ သက်သေပြပါ။ အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူ ကိုယ့်ဘဝထဲ မရှိခင်တုန်းက ကိုယ် ရပ်တည်နိုင်ခဲ့သလို သူ မရှိ လည်း ရပ်တည်နိုင်မှာပါပဲ။

လွမ်းစရာရှိရင် နာစရာနဲ့သာ ဖြည် လိုက်ပါ။ လူတိုင်းဟာ ကိုယ့်မျက်ရည်နဲ့ မတန်ပါဘူး။ ကိုယ့်မျက်ရည်နဲ့ တန်တဲ့သူဟာလည်း ကိုယ့်ကို ဘယ်တော့မှ ငိုအောင်မလုပ်ပါဘူး။

အကောင်းမြင်ပါ။ သူ့ထက် ကိုယ့်အပေါ် ကောင်းတဲ့သူ၊ ဘယ်တော့မှ ထားမသွားတဲ့ သူ တွေ့နိုင်ပါသေးတယ်။ ကိုယ်နဲ့ မကိုက်တဲ့သူနဲ့ တောင် ဒီလောက် ပျော်ရွှင်ခဲ့ရရင်၊ ကိုယ့်ရဲ့ တကယ့် လက်တွဲဖော်တွေ့လာရင် ဒီထက် ပိုပြီး ပျော်ရွှင်ရမှာပါ။  အဲဒီအခါကျရင် ကိုယ် ရူးခဲ့တာတွေ ပြန်တွေးပြီး ပြုံးမိသွားမှာပါ။



ကြိုတင်ကာကွယ်ခြင်း


အမှန်တကယ်တော့ လမ်းခွဲကျမှ ပြန်ရအောင် လိုက်လုပ်ရတာ၊ ပိုပင်ပန်းလှပါတယ်။ ပြန်လည် relationship ထူထောင်ရတာ၊ ပြတ်ပြီးသားကြိုး ပြန်ဆက်ရသလို တစ်ယောက်နဲ့ တစ်ယောက်ကြား အဖုအထစ်တွေ ရှိမှာ ကျိန်းသေပါပဲ။ တစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်အချိန် သူငါ့ကို ထားသွားမလဲ စိတ်ထင့်နေတတ်သလို၊ နောက်တစ်ယောက်ရဲ့ စိတ်ထဲမှာ ငါသူ့ကို ရက်စက်ထားတာ၊ ဘယ်အချိန်ငါ့ကို လက်စားချေမလဲ ဆိုတဲ့ အတွေး ရှိကြတတ်ပြန်ပါတယ်။

လမ်းမခွဲခင်  အက်ကွဲကြောင်း အရိပ်အရောင် စသန်းနေပြီဆို ကိုယ်သူ့ကို မခွဲနိုင်ဘူးဆိုရင် ညှိသင့်တာညှိ ပြင်သင့်တာပြင်၊ စိတ်လည်လာအောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

....................



ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။
                                                                     Thaepon

လက်ဆောင်



ပိုက်ဆံတစ်ပြားမှ မကုန်တဲ့လက်ဆောင်(၈)မျိုး


လက်ဆောင်(၁)နားထောင်ခြင်းလက်ဆောင်

... နားထောင်တယ်ဆိုတဲ့နေရာမှာ လေးလေးစားစားနားထောင်ရမယ်။ကြားဖြတ်ပြီး မပြောရဘူး တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး ဘယ်လိုတုံပြန်ပြောမယ်ဆိုပြီး စိတ်ထဲမှာကြိုတင်စိစဉ်မနေရဘူး နားထောင်ပေးခြင်းသက်သက်ပဲ။

လက်ဆောင်(၂)မေတ္တာလက်ဆောင်

ပွေ.ဖက်တာ၊အနမ်းကလေးတွေ၊ကျောပြင်လေးကို ပုတ်ပေးတာ၊လက်ကလေးကိုင်တာ၊အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါတဲ့။

လက်ဆောင်(၃)ရယ်မောခြင်းလက်ဆောင်

ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေနဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါတဲ့ အဲဒီလက်ဆောင်ကလေးက ကိုယ် မင်းနဲ.အတူရယ်မောရတာကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့။

လက်ဆောင်(၄)ရေးထားတဲ့စာလက်ဆောင်

ရိုးရိုးကလေးလည်းဖြစ်နိုင်တယ်......."ကူညီပေးတဲ့အတွက် ကျေူဇူးပါ"ဆိုတာမျိုးလေ၊ဒါမှမဟုတ် ကဗျာလေးတစ်ပုဒ်.....၊ကိုယ့်လက်ရေးနဲ.ရေးထားတဲ့ စာတိုကလေးတစ်စောင်ဖြစ်ဖြစ် ဘ၀တစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘ၀ကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့။

လက်ဆောင်(၅)ချီးမွမ်းစကားလက်ဆောင်

ဥပမာ...."အနီရောင်လေးနဲ့ လိုက်တယ်နော်" "မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်"ဆိုတဲ့စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ.တစ်နေ.ဖြစ်စေပါတယ်တဲ့။

လက်ဆောင်(၆)တစ်ခုခုလုပ်ဆောင်ပေးလိုက်တဲ့လက်ဆောင်

နေ.တိုင်းကြင်နာမှုလေးတွေပေးပါတဲ့၊တစ်ခုခုလုပ်ပေးပါတဲ့။

လက်ဆောင်(၇)ထီးထီးနေခွင့်လက်ဆောင်

တစ်ခါတရံ တစ်ယောက်တည်းနေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူးမျိုး ကိုယ့်မှာလည်ရှိသလို တခြားသူတွေအတွက်လည်း အဲဒီ အခွင့်အရေးလက်ဆောင်ကို ပေးပေးပါတဲ့၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပေါ့။

လက်ဆောင်(၈)ချိုသာရွှင်ပျတဲ့ အကျင့်စရိုက်လက်ဆောင်

အလွယ်ဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါတဲ့ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ"ဆိုတာလေးတွေပေါ့။
ဘယ်က ရလဲတော့ မမှတ်မိတော့ဘူး ကြိုက်လို့ သိမ်းထားတာဆိုတော့လေ။

ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။
                                                                     Thaepon



သင် ၂၄ နှစ်ပြည့်ပြီလား ??





၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။


(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။


(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။


(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။


(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။


(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။


http://www.360doc.com/content/10/1226/14/2747542_81458290.shtml

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကူးယူတင်ပြသော မူရင်းဆိုဒ် ကို ကျေးဇူးတင်ပါသည်။

                                                                     Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ