Showing posts with label (အမေ့ အတွက်). Show all posts
Showing posts with label (အမေ့ အတွက်). Show all posts

Wednesday, May 7, 2014

မေမေ


 

ကျနော် အမေ့ဗိုက်ထဲက လာတယ်
နွေးထွေးလုံခြုံတဲ့ ရပ်ဝန်းလေးပေါ့
အပြင်လောက က ရှုပ်ထွေးလွန်းတယ် အမေ
ကျနော်လေ-------------
 အမေ့ရဲ့ အနီရောင် ရပ်ဝန်းလေးကို လွမ်းတယ်
အမေ ပြော ပြောနေတဲ့ လောကဓံ
တကယ်ကြုံမှ သိပ်ကြောက်စရာကောင်းတယ် အမေ
ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တိုင်း
အမြဲ လုံခြုံစေခဲ့တဲ့ အမေ့ ရပ်ဝန်းလေးကို သတိရတယ်
အမေ မလုပ်ပေးနိုင်တာ ဘာများရှိခဲ့ပါသလဲ။

Thaepon

Wednesday, August 28, 2013

မေမေ (သို့)






လေ အဝှေ့ မှာ ကြွေလွင့်လေသည့်
ရော်ရွက်ဝါ တွေ ကိုငေး
သူမ ဘယ်တော့ ကြွေမလဲ တွေးနေတဲ့ အမေ

ပါးရည်တွေ တွန့်နေတယ် အမေ
ဒါပေမယ့်
ကျမ မျက်စိထဲမှာ အမေသာ အလှဆုံးပါ အမေ

နားတွေ ထိုင်း နေပြီ အမေ
ဒါပေမယ့်
ကျမ ရင်ထဲက စကားတွေ အမေသာ အကြားနိုင်ဆုံးပါ အမေ

အသံတွေ တုန်နေပြီ အမေ
ဒါပေမယ့်
ကျမ နားထဲမှာ အမေ့အသံသာ ကြည်လင်စွာ စီးဝင်ပါတယ် အမေ

ခါးတွေ ကိုင်းနေပြီ အမေ
ဒါပေမယ့်
ကျမ ဘ၀နေ့တွေရဲ့ ရှေ့မှာ အမေသာ မားမားမတ်မတ် ရပ်တည်နေတုန်းပါ အမေ

အမေရေ
အရင်က အမေ နို့ချိုတိုက်ကျွေး ရှင်အောင် မွေးခဲ့တဲ့ ကျမ
အခု လောက မှာ ရပ်တည်နေတာတောင်
မေမေ့ဆီက အသိပညာ နို့ချို သောက်စို့ နေတုန်းပါ အမေ

အမေရေ
အရင်က အမေ့ အပေါ် ဆိုးမိုက်ခဲ့တဲ့ ကျမ
အခု လောကကြီးက ကျမ အပေါ် ဆိုးမိုက် နေတာတောင်
မေမေ့ဆီက သတ္တိ တွေနဲ့ ရင်ဆိုင် နိုင်နေတုန်းပါ အမေ

အမေရေ
အရင်က အမေ့အနားမှာ မိုးခြိမ်းသံ ကိုကြောက်ခဲ့တဲ့ ကျမ
အခု လောကကြီးရဲ့ မုန်တိုင်း အလယ်မှာ
မေမေ ပေးတဲ့မေတ္တာတွေ နဲ့ ရဲဝံ့ နေပါတယ် အမေ

အမေရေ
အမေ ပြုစုလို့ လူလားမြောက်ခဲ့တဲ့
မေမေ့ ကလေးလေး ကျမ
အခုလေ
မေမေ့ ကို ကျမ ကလေးလေး လို
ပြုစုစောင့်ရှောက်ပါရစေ အမေ
ခွင့်ပြုပါ မေမေ-----------------------



                                                 Thaepon

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ