Showing posts with label မင်းခိုက်စိုးစန် ၏ ကဗျာများ. Show all posts
Showing posts with label မင်းခိုက်စိုးစန် ၏ ကဗျာများ. Show all posts

Friday, August 23, 2013

ဘူတာရုံနဲ့တူတဲ့ ကောင်မလေး



ဥဩဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ့ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက် မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။
                             မင်းခိုက်စိုးစန်

အင်္ကျီ ရင်ဘတ်ကြယ်သီး ပြုတ်နေတဲ့ ကောင် ---







ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့  …
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့ …
                          မင်းခိုက်စိုးစန်

Wednesday, August 21, 2013

“ စုမ်းမ”






“ စုမ်းမ”


   ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့
   (ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
   အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ `ရွာသူ´ ရေ.....။

   ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်....
   သခင်မ...ပျော်ပါ...ပါးပါ
   စားပါ...သောက်ပါ....။
   မရိုမသေ တမ်းတမိတဲ့
   ဟောဒီက အမိုက်အမဲကိုလည်း
   အပြစ်က လွှတ်တော်မူပါ။
   မီးစ တစ်ဖက် ရေမငတ်တစ်ဖက်နဲ့
   အကြည့်လက်လက်တွေကိုလညိး
   ပေးသနားတော် မူပါ....။
   ``တရားဝင် စစ်ကြေညာပြီး မတွယ်ရာရရင်
   ဘာကိုမှ မလုပ်ချင်ဘူး´´ဆိုတဲ့
   ဟောဒီက ငပျင်းအတွက်
   လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ.....။ ။


   မင်းခိုက်စိုးစန်

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ