Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Saturday, July 26, 2014

အစွန်းတဖက် လွန်ထွက်ခဲ့သော်




"မောင် မောင် ထပါဦး သမီးလေး ဖျားနေလို့ "

" အာကွာ ငြိမ်းကလဲ ဒီအချိန်ကြီး ဘယ်ဆေးခန်းက ဖွင့်မှာလဲ"

"မဖွင့်တာတော့ သိတာပေါ့ မောင်ရယ် တခုခု လုပ်ပေးရအောင် ထပါ မောင်ရယ်"

"အာ ငြိမ်း လုပ်တတ်တာပဲ ကိုယ့်ဘာသာလုပ်ပေါ့ မောင် အိပ်ရေးပျက်ရင် ဒေါသထွက်တတ်တာ ငြိမ်းသိတယ်နော်"

"-----------------------------------"

"သိတယ် သိတယ် အိပ် အိပ် ရှင် အိပ်သာနေ သိလား အိပ်ရင်းနဲ့ အသက်ပါသွားဦးမယ်"

ငြိမ်းရဲ့ ဒေါသတကြီး ပြောသံကိုတောင် ပြန်မပြောနိုင်အောင် သကောင့်သားက အိပ်ပျော်သွားလေပြီလား အိပ်ချင်ယောင်ဆောင်နေပြီလား မသိ ။ နှိုးမိတဲ့ ငြိမ်းကိုငြိမ်းသာ ပြန်အပြစ်တင်မိတော့သည် ။

"အီး ဟီး "

"အေး အေး တိတ်ပါ သမီးရယ်"

သမီးလေးကို ချော့မော့ရင်း ရေပတ်တိုက်ပေးဖို့ လုပ်ရသည်။ မေမေ သင်ပေးထားသည့် ဆေးမြီးတို လေးတွေနှင့် သက်သာလို သက်သာငြား ပြုစုပေးရသည်။ ယခုအချိန် ငြိမ်းခေါင်းထဲမှာ သမီးလေး သက်သာလာဖို့သာ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

ငြိမ်း အလုပ်တွေ လက်စသတ်ရင်း သမီးကလေးဆီ စိတ်ကရောက်နေသည် ။ သမီးလေးကို ဆေးရုံမှာ မေမေ နှင့် အပ်ထားရပြီး အလုပ်လုပ်နေရသည်ကိုပင် စိတ်ကမဖြောင့် ။ အလုပ်ကို ပြီးနိုင်သလောက် လက်စသတ်ရင်း ခွင့် လျှောက်လွှာပါ တခါတည်း တင်ခဲ့ဖို့ စီစဉ်ရသည် ။ ငြိမ်းအတွက်တော့ သမီးလေးထက် ဘာမှ အရေးမကြီး ။

"မေမေ ပြန်ချင်ပြန်လေ ငြိမ်းရောက်ပြီပဲ မေမေ နားပါတော့"

"အင်းပါ သမီးရယ် အော် သမီး ခွင့်တင်ခဲ့ပြီလား"

"ဟုတ် မေမေ တခါတည်းတင်ခဲ့လိုက်တယ်"

"အေးကွယ် ---- မောင်ကျော်ရော "

"---------- မသိပါဘူးမေမေရယ် သမီးတယောက်လုံးဆေးရုံတင်ထားရတာကို မဆိုင်သလိုနေနိုင်လွန်းလို့ စိတ်ကုန်ပါတယ်"

"ဟင်း---------------"

မေမေ့ ရဲ့ သက်ပြင်းရှိုက်သံနောက်မှာ ဘာစကားမှ ထပ်ထွက်မလာပေမယ့် မေမေ့မျက်ဝန်းတွေကို ငြိမ်းနားလည်နိုင်ပါတယ် မေမေရယ် ။
မေမေ့ဆန္ဒ ၊ မောင်နှမတွေရဲ့ ကန့်ကွက်မှုတွေကို ဆန့်ကျင်ပြီး ငြိမ်း ဇွတ်တိုးခဲ့တဲ့ ငြိမ်းရဲ့ အိမ်ထောင်ဘက် က ဒီလို စိတ်ပျက်စရာဖြစ်လာစေတဲ့အတွက် ငြိမ်း ရှက်မိပါသည် ။ ဘယ်တုန်းကမှ ဆုံးဖြတ်ချက် မမှားခဲ့ဖူးတဲ့ ငြိမ်းဟာ ကျော်မြတ် ဆိုတဲ့ ကောင်လေးကို ရွေးချယ်မိတဲ့အတွက် မှားမယ်လို့လည်း မထင်ခဲ့ဖူးသူပါ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

"ငြိမ်း ဟိုကိုယ်တော်လေး ရုံးရှေ့ရောက်နေပြန်ပြီတော့"

သူသူ့ စကားကြောင့် ငြိမ်း ရင်တချက်လှိုက်ခနဲ ခုန်သွားသည် ။ ပြတင်းပေါက်က ကြည့်လိုက်တော့ လမ်းလျှောက်ရင်း ငြိမ်းရှိရာအထပ်ကို မော်ကြည့်နေသည့် သူ့ ကို မြင်လိုက်ရတော့ စိတ်ထဲမှာ ကျေနပ်သလိုလို ။ ညနေအိမ်အပြန်လမ်းမှာ သူ့ ကို မတွေ့ရပြန်ရင်ပဲ ငြိမ်း ရင်ထဲမှာ ဟာ နေသလိုပါ ။

လ တွေကြာလာတော့ ငြိမ်းနဲ့ သူနဲ့ တရားဝင် ချစ်သူတွေဖြစ်လာခဲ့သည်။ မောင် က အချွဲကောင်းသည်လေ ။ ပထမဆုံး ရည်းစားထားဖူးတဲ့ ငြိမ်းအတွက်တော့ မောင့် ကို အသက်လောက်ပင် ချစ်သည်။ အဲ့ဒီအချိန်တုန်းကတော့ မောင့် အချစ်တွေကို အစစ်တွေဟုသာ ထင်မြင်ခဲ့မိလေသည် ။

မောင် နဲ့ ငြိမ်း ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်မှာ မေမေ သိသွားခဲ့သည်။ လုံးဝသဘောမတူပါတဲ့လေ ။ အကြောင်းပြချက်ကတော့ မောင် က ငြိမ်းထက် ငယ်နေလို့တဲ့ ။ မေမေ့အကြောင်းပြချက်ကို ငြိမ်း သဘောမတူခဲ့ပေ ။ ငြိမ်းအကြောင်းပြချက်ကတော့ အချစ်တွေ တူနေဖို့သာအဓိက ဆိုတာကိုတော့ မေမေ့ကို မပြောဖြစ်ခဲ့ပါ ။

မေမေ သဘောမတူကြောင်းသိသွားသည့်မောင်က ငြိမ်းကို သူနဲ့လိုက်ခဲ့ဖို့သာ တွင်တွင်ခေါ်နေတတ်တော့တာ ။ ငြိမ်း အသိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော မောင် သာမင်းမူနေခဲ့တော့ မောင်နဲ့နှစ်ယောက် တစ်ဘ၀ ထူထောင်ဖို့ မောင့်နောက်ကို လိုက်ဖို့ ငြိမ်း ဆုံးဖြတ်လိုက်တော့သည် ။ မေမေ စိတ်ပူပန်ရမှာထက် မောင် စိတ်ငြိုငြင်သွားမှာကိုသာ ထိုအချိန်က အကြောက်ဆုံးဖြစ်ခဲ့ရသည်အထိ ငြိမ်း စိတ်တွေ မိုက်မဲဖူးသည်လေ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

အိမ်ထောင်သက် တစ်နှစ်ကျော်လောက်မှာ မောင့်ခြေလှမ်းတွေ မူမမှန်တော့တာကို ငြိမ်း သတိထားမိလာသည်။ အရင်ကလို ငြိမ်းအနားမှာ သိပ်မနေတော့ပဲ ငြိမ်းနဲ့စကားပြောရမှာကို ရှောင်ဖယ်ဖယ် လုပ်လာတာ ၊ ငြိမ်း နဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ သိပ်စိတ်မ၀င်စားတော့တာတွေကို တဖြည်းဖြည်းနဲ့ ငြိမ်း ခံစားလို့ရလာသည် ။ မဟုတ်နိုင်ပါ မဖြစ်နိုင်ပါလို့ ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ် အားပေး ပေး မောင် အိမ်ပြန်မလာတဲ့ ညတွေ များလာတော့ ငြိမ်း စိတ်တွေ ဆောက်တည်ရာမရတော့ပြီ ။

"မောင် မနေ့ညက ဘယ်မှာအိပ်လဲ

မောင် မကြည်သလို စိုက်ကြည့်လာသည်။ ထို အကြည့်တို့ကို ငြိမ်းရင်မဆိုင်ရဲ ။ မောင့်စိတ် ငြိုငြင်သွားမှာကို ငြိမ်း စိုးသည်။

"ဘာလဲ မောင့်ကို မယုံလို့လား"

"မဟုတ်ပါဘူး မောင်--------  ငြိမ်းက ---- စိတ်ပူလို့မေးတာပါ"

ဤသို့သာလျှင် ငြိမ်းက ပြီးလိုက်ရသည်ချည်းသာ ။ ဟုတ်တယ် မောင့်ကိုမယုံဘူး လို့ ပြောလိုက်မိလို့ အဲ့ဒီစကားရဲ့နောက်မှာ မောင်များတခုခု ပြောမလားဆိုတဲ့အတွေးနဲ့ ငြိမ်း ရင်ဝမှာ တစ်ဆို့နေခဲ့တာ ။ ငြိမ်း ရင်ထဲမှာ မသေချာတဲ့ သံသယ တခုအတွက် နဲ့ မောင့်အမုန်းတွေကို ရင်မဆိုင်နိုင်ခဲ့တာ ။ ပြီးတော့ မောင့်ကို ချစ်လို့ မောင့်ကို အဆုံးစွန်ထိ ယုံကြည်နေချင်မိတာ ငြိမ်း မှားခဲ့တာလား ။ နောက်ရက်တွေမှာတော့  ငြိမ်း က တခုခုကို ပြောဖို့ကြံစည်လိုက်တိုင်း မောင့်ရဲ့ အကြည့်ခါးခါးတွေအောက်မှာ ငြိမ်းကိုယ်ငြိမ်း သိမ်ငယ်ခဲ့ရဖူးလေသည် ။

အိမ်ထောင်ရေးမှာ အဆင်မပြေလေ မေမေ့ ကို သတိရလေ ။ ငြိမ်း အိမ်ကိုသွားသည့်အခါတိုင်းမှာ မေမေ အပါအ၀င် မောင်နှမတွေ ရဲ့ ငြိုငြင်မှုတွေကို မတွေ့ရတော့ ကိုယ့်အိမ်ထောင်ရေးကို ပိုလို့ အရှက်ရမိသည် ။ ငြိမ်း ရဲ့ ဆုံးဖြတ်ချက် ၊ ငြိမ်း ရဲ့ အချစ်တို့ မှားခဲ့လေပြီ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ
"ငြိမ်း ရှင့် ယောကျာ်းကို ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ကိုယ်တို့ ရပ်ကွက်ထဲက တိုက်ခန်းပေါ်ကနေ ဆင်းလာတာ မောင်နှမ ဟုတ်ဟန်မတူဘူး တစ်ယောက်လက် တစ်ယောက်တွဲလို့ ကိုယ်တွေ့တာ ခနခန ရှိပြီနော် ရှင့်ကို ပြောသင့် မပြောသင့်စဉ်းစားနေလို့ ကြာသွားတာ "

သူသူ့စကားတွေ ကို ငြိမ်းပြန်ပြန်ကြားယောင်နေတတ်တာ ၊ ညစဉ်အိပ်မက်ထဲမှာ မောင် နဲ့ ကောင်မလေးတစ်ယောက်ကို မြင်မက်နေမိတာတွေက ငြိမ်း သံသယတွေကြောင့်လား မောင် ။ သူသူ့ စကားကို မဖြစ်နိုင်ဟန် စကားဆိုတော့  "ကိုယ် လက်တွေ့ပြလို့ရတယ်" တဲ့ ။ ဟင့်အင်း ငြိမ်း မမြင်ပါရစေနဲ့ ။ မောင့်နားမှာ ငြိမ်းမဟုတ်တဲ့ သူစိမ်းမိန်းမတစ်ယောက်ရှိနေတယ်ဆိုတာကို ငြိမ်း မမြင်ပါရစေနဲ့ ။

အိပ်ပျက်ညတွေ ရဲ့ အလွန် မောင့်ကို ဖွင့်မေးတော့မယ် လို့ ငြိမ်း ဆုံးဖြတ်လိုက်ချိန်မှာပဲ ငြိမ်းမှာ မောင့်ရင်သွေးလေး ရှိနေတာကို ငြိမ်း သိလိုက်ရသည်။ အိပ်ပျက်ညတွေ များလို့ ခေါင်းမူးပြီး နေလို့မကောင်းဘူး အထင်နဲ့ ဆေးခန်းကို ရောက်ခဲ့တော့ ငြိမ်းမှာ ရင်သွေးလေး ရှိနေပြီတဲ့ ။ ငြိမ်းပျော်လိုက်တာလေ မောင့်ကို ချည်နှောင်ဖို့ ကြိုးလေးတစ်ချောင်းကို ငြိမ်း ဖမ်းဆုပ်မိပြီပေါ့ ။

"မောင် ငြိမ်း အခုဆေးခန်းကပြန်လာတာ ငြိမ်းမှာ ကိုယ်ဝန်ရှိနေပြီတဲ့ "

မောင့်ကိုပြောလိုက်ရင်း မောင့်မျက်ဝန်းတွေထဲကို စူးစမ်းမိတော့ ကြည်နူးရိပ်တွေအစား စိတ်ရှုပ်သွားသည့်အရိပ်အယောင်တွေကိုပဲ ငြိမ်း ဖတ်လိုက်မိသည် ။ ငြိမ်း အမြင်မကြည်လင်တာကြောင့် အမြင်မှားတာပါ ဟု ကိုယ့်ကိုကိုယ် အားပေးရင်း မောင့် ကို ယုံကြည်ဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရသေးသည်။

"မောင် ၀မ်းမသာဘူးလားဟင်"

"အင်း ------ ၀မ်းသာပါတယ် ဒါပေမယ့် မောင်တို့မှ အဆင်သင့်မဖြစ်သေးတာ ကလေးယူတာ မစောဘူးလား"

"ဘာကိုအဆင်သင့်မဖြစ်တာလဲ မောင် ဘာလဲ စီးပွားရေးလား ငြိမ်းလည်း အလုပ်ရှိတယ် မောင်လည်း အလုပ်ရှိတယ် ကလေးတယောက်ကို အဆင်ပြေပြေ စောင့်ရှောက်နိုင်ပါတယ် မောင်ရယ်"

"ဟူး ----- မသိတော့ဘူးကွာ"

ပြောရင်းကနေ ထ ထွက်သွားတဲ့ မောင့်ရဲ့ နောက်ကျောပြင်ကို ငေးရင်း ငြိမ်း သတိရလိုက်သည် ။ မ ကို ခင်မှ ဥ ကို မင်မယ် လေ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

ဒီလိုနဲ့ ငြိမ်း ရဲ့ ကိုယ်ဝန်သာ တဖြည်းဖြည်း နဲ့ ရင့်လာသည်  ဆေးခန်းသွားတိုင်း မောင် မပါ ။ ဆရာဝန်က အမျိုးသားမပါဘူးလား ဟုမေးတိုင်း အပြုံးယဲ့ယဲ့ နဲ့ ခေါင်းခါပြရသည်သာ ။ ငြိမ်းပုံစံက လင်ကောင်မပေါ်ပဲ ကလေးမွေးရသည့် အဖြစ်နှင့် ဆင်ဆင်တူနေပြီလားဟူသော အတွေးက ဆေးခန်းပြတိုင်း ၀င်လေသည်။ ငြိမ်းအတွက် အားကိုးရာအဖော်သည် ငြိမ်း၏ မိသားစုမှတပါး မရှိပြီ။

တစ်နေ့ -------- အဲ့ဒီတစ်နေ့ကို ယခု အချိန်ထိ မမေ့ ။ အဲ့ဒီနေ့က မောင် အရက်တွေမူးပြီးပြန်လာသည် ။ အို အဲ့ဒီနေ့တင်မဟုတ်ပါဘူး ငြိမ်း ကိုယ်ဝန်ရှိလာချိန်မှ စပြီး မောင် အရက်သောက်ပြီးပြန်ပြန် လာတတ်သည် ။ နည်းနည်းမူးတာနဲ့ များများမူးတာပဲ ကွာသည် ။ အိပ်နေသည့် ငြိမ်းကို ဇွတ်နှိုးပြီး ပြဿနာရှာတော့သည် ။

"ဒီမှာ ဒေါ်ယဉ်သူငြိမ်း ရဲ့  ခင်ဗျားက ကျုပ်ဘ၀ကို ဖျက်ဆီးတာပဲ ဟင် ခင်ဗျားဘာလို့ ကျုပ်နဲ့လက်ထပ်ခဲ့ရတာလဲပြောစမ်းပါဦး "

"မောင် ပဲ ငြိမ်းကို ဇွတ်အတင်း လိုက်ခဲ့ဖို့ခေါ်ခဲ့တာလေ မောင် ငြိမ်း အမှားလား ပြောပါဦး"

"ဟုတ်ပါတယ် ကျုပ် မိုက်လို့ မှားလို့ ခင်ဗျားကို ခေါ်ခဲ့မိတာပါ ဒါပေမယ့် ခင်ဗျားက ဘာလို့ လိုက်ခဲ့ရတာတုန်း ""

ဘာ --- တော်တော့ မောင် မူးနေရင် အိပ်တော့ ကျမ ကို ပြဿနာ မရှာနဲ့ "

"ဟားဟား ကျုပ် မူးနေတာဟုတ်တယ် ဒါပေမယ့် ပြောချင်တာတော့ ပြောရမှာပဲ ဒီမှာ ခင်ဗျားကြောင့် ကျုပ် လူပျိုဘ၀နဲ့ နေရမယ့် အချိန်တွေ ဆုံးရှုံးခဲ့ရတယ် ခုလည်း ကျုပ် တကယ်ချစ်ရမယ့်သူတွေ့လာတော့ ခင်ဗျားက ကလေး နဲ့ ကျုပ်ကို ချုပ်ချင်တယ် ဟားဟား မရဘူးနော် ကျုပ် ဆိုတဲ့ကောင်ကို ဘာနဲ့မှ လာမချုပ် နဲ့ ခင်ဗျား မှတ်ထားရမှာက ခင်ဗျားကို တနေ့ကျ ကျုပ် ကွာရှင်းမှာ အဲ့ဒါကို မှတ်ထား "

မောင်ကတော့ ပြောချင်တာပြောပြီး အိပ်ပျော်သွားပြီ ။ မအိပ်နိုင်သူက ငြိမ်းရယ်ပါ ။ မူးလို့ပြောသည့် စကားဆိုပေမင့် မောင့်စကားတွေသည် မောင့်ရင်ထဲကလာသော စကားများဖြစ်နေသည် ။ ငြိမ်း နှင့်ပတ်သက်ပြီး မောင့်သဘောထားကို ငြိမ်း သိလိုက်ရပေပြီ ။ ငြိမ်း ကို မောင် မချစ်ခဲ့ဖူးပေါ့နော် ။ ဟင့်အင်း ချစ်တာတော့ ချစ်မှာပါ ခုက မောင်တွေဝေနေတာပါ နော် ငြိမ်း နားကြားမှားတာပါနော် ။ ငြိမ်း မကြားခဲ့ဖူးလို့ သဘောထားပါရစေမောင် ။

*************************

"အား ကျွတ် ကျွတ် "

မွေးချင်ပြီလားမသိ ။ ငြိမ်း ဗိုက်ထဲက မခံနိုင်အောင် နာကျင်လာသည် ။ ခါးတွေလည်း ကိုက်လှပြီ ။ ဆေးခန်းမှပေးထားသည့် ဂျူးဒိတ်ကလည်း နီးနေပြီမို့ ဗိုက်ထဲက ကလေးက အပြင်ထိုးထွက်လာလေပြီ ။ မောင့်ကို နှိုးဖို့ ကြည့်လိုက်တော့ မောင်က မရှိ ။ ငြိမ်း အားတင်းပြီး ဖုန်းခေါ်သည် ။ ဖုန်းက စက်ပိတ်ထားသည်ချည်း အော်နေသည်မို့ ဖုန်းဆက်ရတာ အားပင် ပြတ်လုလု ။ နာကျင်ခြင်းက တဖက် ၊ ၀မ်းနည်း အားငယ်ခြင်းက တဖက် ငြိမ်း မေမေ့ကို သတိရမိသည် ။မေမေ့ဆီဖုန်းခေါ်လိုက်တော့ မေမေ နှင့် မောင်နှမတွေ ချက်ခြင်းရောက်ချလာသည် ။ ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပင် ငြိမ်း၏ ရင်သွေးလေး လူ့လောကထဲ ရောက်လာခဲ့လေပြီ ။ သူနာပြုဆရာမ၏ သမီးလေးမွေးတယ် ဆိုသည့် စကားသံအဆုံး ငြိမ်း ရင်ထဲမှာ အေးချမ်းခြင်းတွေ နဲ့ အရာအားလုံးကို ခေတ္တမေ့ပြီး အိပ်စက်ပစ်လိုက်တော့သည် ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

"သမီး မေမေ ပြန်တော့မယ်နော် ကျန်းမာရေးဂရုစိုက်ဦး လူကြီးကျန်းမာမှ ကလေးကို စောင့်ရှောက်နိုင်မှာမလား ဘာမှ လျှောက်တွေးမနေနဲ့ ကြားလား"

"ဟုတ် မေမေ"

မေမေ့စကားသံကြားမှ ငြိမ်း အတိတ်က နိုးထလာခဲ့သည် ။ အို ငြိမ်းအတိတ်က ပြန်တွေးကြည့်မှ အလွန်ခါးသီးလေစွ ။ မေမေ့မေတ္တာကို ဥပေက္ခာပြုမိခဲ့၍ ငြိမ်း ကံကြီးထိုက်ခြင်းများလား ။ မေမေ့စကားသံအချို့ ကို ပြန်ကြားယောင်မိသည် ။

"သမီးပဲစဉ်းစားကြည့် ခု သမီးအသက် ၃၀ မှာ ကောင်လေးအသက်က ၂၂ ၊ မိန်းကလေးဆိုတာ အရွယ်ကျလွယ်တယ် သမီးရယ် ၊ သမီး အသက် ၄၀ မှာ ဟိုက ၃၂ ပဲ ရှိဦးမှာ ကိုယ်က ကျတဲ့ အရွယ်  သူက တတ်တဲ့ အရွယ် လူမှုရေးကိစ္စတွေ ကို သမီးပဲ တွေးပြီး စိတ်ပင်ပန်းရမှာ "

အဲ့ဒီအချိန်တုန်းကတော့ မောင်က အဲ့လိုလူမျိုးမဟုတ်ပါဘူး လို့ အတွေးထဲမှာတော့ ကတ်ကတ်လန်ခဲ့တာ ။ ခုတော့ ငြိမ်း မေမေ့ကို မျက်နှာပင် မပြ၀ံ့ပါချေ ။

"မေမေ ဖေဖေ မလာသေးဘူးလားဟင"်

ဖျော့တော့သော သမီး၏ အသံလေးက ငြိမ်းရင်မှာမချိ ။ ဆေးရုံစတတ်သည့်နေ့ ခနသာပဲ လာခဲ့ပြီး အကြောင်းအမျိုးမျိုးပြကာ နောက်တခေါက် ထပ်လာဖို့ဆိုတာအတွေးတောင်မရှိသော အဖေ ကို သမီးလေးက တ, နေသတဲ့လားကွယ် ။

"အင်း လာမှာပါ သမီးရယ် မေမေ ခေါ်ပေးမယ်နော်"

မောင့်ဆီဖုန်းခေါ်လိုက်သည် ။ တခါ ၀င်သွားသည် မကိုင် ။ နှစ်ခါ သုံးခါ လေးခါ ဆက်တိုက်ခေါ်မှ မကောင်းတတ်၍ ကိုင်လိုက်သည်ထင့် ။

"မောင် သမီးက မောင့်ကိုမေးနေတယ် ဆေးရုံခနလာခဲ့ပေးပါ မောင်ရယ်"

"အာ ငြိမ်းကလည်း မောင် အခု ဧည့်သည်တွေနဲ့တွေ့နေတယ် ညမှလာမယ်ကွာ ကလေးကို နားလည်အောင်ချော့ထားလိုက် ဒါပဲနော် "

ဟင်း----------- ငြိမ်း သက်ပြင်းပူတို့ မှုတ်ထုတ်လိုက်ပြီး သမီးလေး ကို ဘယ်လိုပြောရပါ့ ။သမီးမျှော်နေသည့် အဖေက သူပြောသည့် ညမှာတောင် ရောက်လာပါ့မလားကွယ် ။

+++++++++++++++

သမီးလေး က ခနနေ ကိုယ်တွေ တအားပူလာလိုက် ခနနေ အေးစက်သွားလိုက်နဲ့ လုံးဝ စိတ်မချရတဲ့အခြေအနေမို့ ငြိမ်း ရင်တွေထဲ မီးစ နှင့် ထိုးသလို ပူလောင်နေရလေသည် ။သမီးလေး ခဗျာ အရွယ်နှင့် ဝေဒနာ မမျှလေခြင်း ။ ငြိမ်းသာ ကိုယ်စားဝင်ခံပေးလိုက်ချင်သည် ။

"သမီး သမီး လာကြပါဦး လာကြပါဦးရှင် သမီးလေး သမီး"

ရုတ်တရက် မျက်ဖြူလန်ပြီး တက်သွားသည့် သမီးကြောင့် ငြိမ်း လန့်သွားသည် ။ ဒါပါနဲ့ဆို သမီးလေး တက် တာ သုံးခါရှိပြီဆိုတော့ ---------- ဘုရား ဘုရား

"ဆရာ ဆရာ ကယ်ပါဦး ဆရာရယ် သမီးလေးကို ကယ်ပါဦး"

ဆရာဝန်တွေရော သူနာပြုတွေရော ပျာယာခတ်သွားကြသည် ။ သမီးလေး က တက် သွားရာမှ ရုတ်တရက် ငြိမ်ကျသွားလေပြီ ။ ဆရာဝန်ကြီးက နားကျပ် ကို သမီး၏ ကိုယ်ပေါ်မှ ဖယ်ရှားလိုက်ပြီး ခေါင်းတချက် ခါ ပြလိုက်ချိန်မှာတော့ ငြိမ်း သည် အမှောင်နယ်ထဲသို့ ကျသွားလေတော့သည် ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

 ((((((((((  သမီး သမီး  ))))))))))

ငြိမ်း အိပ်မက် နေတာပဲ ။ အိပ်မက်ထဲမှာ သမီးလေးက သူ့အဖေ ကိုပဲ တတွတ်တွတ် ခေါ်နေသည် ။ သေခါနီး အချိန်မှာတောင် ရောက်မလာခဲ့သော ဖအေ ကိုမှ သမီးလေးက စွဲလမ်းနေရှာသည်ပဲ ။ သတိတရ အိပ်ရာပေါ်ကို ကြည့်လိုက်တော့ ထုံးစံအတိုင်း မောင် မရှိ ။ အို  ဒီအိပ်ရာပေါ်မှာ ငြိမ်း တယောက်တည်း အိပ်ခဲ့ရသည့်ရက်တွေ ကြာလှပြီပဲ ။ နေ့လည်ဘက်သာ ခနတဖြုတ်ပြန်လာတတ်သည့် မောင်က ပြန်လာသည့်အချိန်ခနလေးမှာတောင် ငြိမ်းကို နွေးနွေးထွေးထွေးမဆက်ဆံတော့ ။ ကွာရှင်းပေးဖို့သာ တွင်တွင်တောင်းဆိုနေတတ်သည့် မောင့်ကို ငြိမ်း ခွဲခွာဖို့ အချိန်တန်လေပြီ ။ နာရီကို ကြည့်လိုက်တော့ မနက် (၃) နာရီသာ ရှိသေးသည်မို့ ပြန်အိပ်ဖို့ ကြိုးစားပေမယ့် ငြိမ်း အိပ်၍မရတော့ ။ အိပ်လို့မပျော်တော့သော ငြိမ်းအတွက် အတွေးတို့က တရစပ် အမျှင်မပြတ်လေပြီ ။ အတွေးတိုင်းသည် မောင့်အကြောင်းတို့သာ ။

ထိုသူသည် ငြိမ်း ဘ၀ကို ပြောင်းလဲစေခဲ့သူ ၊ ငြိမ်း အချစ်တို့ကို စော်ကားခဲ့သူ ၊ ငြိမ်း နှင့် သမီးလေးကို သေကွဲကွဲစေခဲ့သူ ၊ အို ထိုယောကျာ်းသည် ငြိမ်း ဘ၀ ကို ဖျက်ဆီးသူသာ ဖြစ်လေသည် ။ လူ့ဘောင်စည်းကမ်းကို ဖောက်ဖျက်သောသူ ၊ အေးချမ်းသော ငြိမ်း၏ မိသားစုကို စိတ်ဆင်းရဲစေသူ ၊ ငြိမ်း ၏ စိတ်ကို အမျိုးမျိုးအဖုံဖုံ နှိပ်စက်လေသူ ။ မုန်းသည် ထိုယောကျာ်း နှင့် ငြိမ်း ခွဲခွာရန် ဆုံးဖြတ်ရပေတော့မည် ။ ဟုတ်သည် ငြိမ်း မောင့်ကို အမုန်းကြီး မုန်းလေပြီ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

သမီးလေး ဆုံးတာ သုံးလပြည့်သည့်ည ငြိမ်း အိပ်၍မရ ။ ဘယ်လိုပင် အိပ်ပျော်ဖို့ကြိုးစားလည်း အိပ်မရသည်မို့ ငြိမ်းတို့တိုက်ခန်း၏ ရှေ့ လှေကားခုံလေးမှာ ထိုင်နေမိသည် ။ တိုက်ခန်းတခုလုံးက အိပ်မောကျနေပြီမို့ အပေါ်ထပ်အခန်းတွေရော ၊ အောက်ထပ်အခန်းတွေရော မီးရောင်ပင် မရှိတော့ ။ ည ၏ လအရောင် မှိန်မှိန်လေးသာ မလင်းချင် လင်းချင်ဖြစ်နေသည် ။ ငြိမ်း ထိုင်ကာ သမီးလေးအကြောင်းတွေးနေမိရင်း ခြေသံကြား၍ အောက်ထပ်ကို ကဲ ကြည့်လိုက်တော့ တက်လာသူက မောင် ။

ငြိမ်း ချစ်သည့် မောင် ၊ ငြိမ်း မုန်းသည့် မောင် ။ ပြန်လာသေးသည်ပဲ ပြန်လာဖို့ မမျှော်လင့်ထားသည်မို့ ရုတ်တရက်တော့ အံ့သြမိသား ။ လှေကားကိုလေးဘက်ထောက်တော့ မတက် , တက်လာသည်မို့ တော်တော်မူးနေပုံပေါ်သည်ပဲ လှေကားလက်ရန်းတွေကို ကိုင်ထားသည့်လက်တွေက မခိုင်ချင် ။ ဟုတ်သည် ငြိမ်း အမှောင်ရိပ်မှာ ရပ်နေရင်း ကြည့်မိတော့ လှေကားလက်ရန်းသည် ငြိမ်း ရပ်နေသည့် ဘက်မှာ မောင့်လက်များက အရာဝတ္ထု တစ်ခုခုကို ဆုပ်ကိုင်ဖို့ပင် အားမရှိသလို အလွဲလွဲအချော်ချော် ။ ငြိမ်း ခေါင်းထဲ အတွေးတချက် လက်ခနဲ ၀င်လာသည်က မောင် နှင့် ငြိမ်း ခွဲခွာရန် အချိန်တန်ပေပြီ ။

ΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩΩ

"မငြိမ်း မငြိမ်း "

"ရှင် လာပြီနော်"

တံခါးကို ဖွင့်လိုက်တော့ တိုက်ခန်းမှလူများနှင့် ရပ်ကွက်လူကြီး သုံးယောက်လောက်ကို တွေ့လိုက်ရသည် ။

"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲရှင်"

"လှေကားမှာ မငြိမ်း အမျိုးသား သေနေလို့ "

"ရှင် "

ငြိမ်း အပြေးအလွှားလိုက်ကြည့်မိတော့ လှေကားရင်းမှာ သွေးအိုင်ထဲခွေကျနေသည့် မောင် ။

မောင် မောင်ရေ ထပါဦးမောင်ရယ် ငြိမ်းကို ကြည့်ပါဦး

ငြိမ်း ငိုချမိလိုက်ရင်း မောင့် ညာဘက်လက်ဖျားလေးကို ဆုပ်ကိုင်လိုက်မိတော့ အေး စ ပြုနေလေပြီ ။ ခနနေတော့ ရဲများရောက်လာပြီး မောင် သေနေသည့်ပုံစံကို ပုံစံမပျက် ဓာတ်ပုံရိုက်ယူခြင်း ၊ စစ်ချက်ယူခြင်းများပြုလုပ်ပြီး မှုခင်းဆရာဝန်၏ ထောက်ခံချက်အရ အရက်သေစာသောက်စား အမူးလွန်ပြီး ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ လှေကားမှ ပြုတ်ကျရာမှ ဇက် ခေါက်ပြီး သေသည် ဟု အတည်ပြုလိုက်ကြလေသည် ။

မောင့်နာရေး ရက်လည် ပြီးတော့ ငြိမ်း အဲ့ဒီတိုက်ခန်းမှ မေမေတို့အိမ်သို့ပြောင်းရန် စီစဉ်သည် ။ လူတွေကတော့ ငြိမ်းကို သမီးရော ယောကျာ်းပါ ဆုံးရှုံးလိုက်ရသည့် မုဆိုးမလေးအဖြစ်သနားကြသည် ။ ငြိမ်းကတော့ ထိုအဖြစ်ကို ကျေနပ်သည် ။ ထိုနေ့ညကသာ လှေကားလက်ရန်းကို ကိုင်ထားတဲ့ မောင့်လက် ကို ငြိမ်း မဖြုတ်ပစ်ခဲ့လျှင် ယခုအချိန်မှာ ငြိမ်း စိတ်ဆင်းရဲနေရဦးမည် ။

မောင် နှင့် အတူ နေထိုင်ခဲ့သည့် အိပ်ယာလေးကို တချက်ကြည့်ကာ ငြိမ်း ကျေနပ်စွာ ပြုံးလိုက်သည် ။

သွားတော့ မောင်ရေ ဒီဘ၀ မှာ မောင် တာဝန်မကျေခဲ့တဲ့ သမီးလေးရဲ့ ဖခင်နေရာကို နောက်ဘ၀ မှာ ကျေအောင်ပေးဆပ်လိုက်တော့ မောင် သမီးလေးအတွက် ငြိမ်းအတွက် ပျောက်ကွယ်ပေးရတဲ့အတွက် မောင် ကျေနပ်လိုက်ပါ ။



သုကြာ


Tuesday, February 11, 2014

ဟန်ဆောင်ထားတယ်


  
" မောင် ဘာမှ မသိချင်ဘူး ကို ကို့ရင်ထဲမှာ မောင့် အတွက် နေရာရှိသေးလားပဲ မောင် သိချင်တယ်"

 " ဆောရီး မောင် ကို့ရင်ထဲကနေ မင်း ကို အခုပဲ ထုတ်ပစ်လိုက်တာ"

" အိုကေလေ"

မောင် ဘာများတတ်နိုင်ပါမည်နည်း ။

မောင် ဆိုသော မိန်းမတယောက်သည် ယေကျာ်းတစ်ယောက်ထံမှာ ကျဆုံးမနေချင်ပါ။ ထိုသို့သော မာနတခုဖြင့် ချစ်သူ အပါးမှ ပြေးထွက် ခဲ့ဖူးလေသည်။

     ++++++++++++++++++                 

မောင့် ရဲ့ မနက်တိုင်းမှာ ကို ရှိနေခဲ့ဖူးတာ ခနလေးမှ မဟုတ်ပဲ

ကိုမရှိတဲ့ မနက်တိုင်းက မောင့်အတွက်တော့ အကျည်းတန်လွန်းပါတယ်

ကို မရှိတဲ့နေ့ရက်တွေမှာ မောင် အသားတကျဖြစ်အောင် ကြိုးစားရဦးမှာပါ ကို

"မောင်ရေ အလုပ်သွားမယ်ဟေ့"

"အင်း အင်း လာပြီ"

"မောင်"

"အင်း"

"မင်း ကိုဇေယျာ့ ကို တကယ်ပြတ်နိုင်ပြီလား"

"အင်း ကြိုးစားမယ်လေ မောင့်ဘ၀ ဟိုးအစမှာ သူမရှိခဲ့ဖူးပါဘူး မာလာရယ်"


++++++++++++++++

လွမ်းတယ် ကို

 မောင် ဟာခံစားချက်ကို အရမ်းမျိုသိပ်နိုင်တဲ့ မိန်းမ လို့ ကို စွပ်စွဲဖူးတယ်နော် တကယ်က မောင် မျိုသိပ်တာ မဟုတ်ဘူး ကို

မောင့် အားနည်းချက်ကို သိသွားမှာ မောင် ကြောက်တယ်

မောင့်ကို  အနိုင်ယူမှာ မောင်ကြောက်တယ် ပြီးတော့ --------------

မောင် က အေးတိအေးစက်ပုံစံဟန်ဆောင်ရတာကို ကြိုက်တယ်လေ

ခုတော့ မောင် ပူလောင်နေပါတယ်ကွယ်----------

++++++++++++++++++++

ကို့ ကိုမေ့နိုင်ဖို့ မောင် အလုပ်တွေကြိုးစားခဲ့တယ် အရင်က လုပ်နိုင်တာထက် နှစ်ဆ သုံးဆ ပိုလုပ်ဖြစ်ခဲ့တယ်

တဖြေးဖြေး နဲ့ ကို့ကို မေ့နိုင်လာခဲ့မယ်လို့ထင်ခဲ့တာပေါ့

မေ့လည်းမေ့နိုင်ခဲ့ပါတယ်

မနက်ခင်းတွေမှာ ကို့ ကိုလွမ်းတတ်တာက လွဲရင် မောင်အဆင်ပြေပါတယ် ---------

ဒါပေမယ့် မောင် ကဟန်ဆောင်ကောင်းတယ်လေ ကိုရဲ့  ပြီးတော့ လွမ်းစရာကို နာစရာနဲ့ဖြေရသတဲ့
မောင့်မှာ ကိုနဲ့ ပတ်သတ်ရင် နာစရာတွေများတယ်လေ ချစ်သူထက် ကိုက သူစိမ်းကို ပိုယုံခဲ့တာပဲ

++++++++++++++++++++

" မောင်ရေ မင်း ရန်ကုန်ကို သင်တန်းသွားရမယ်တဲ့"

"ဟင် ဟုတ်ရဲ့လား မာလာရယ်"

"ဟုတ်တယ်ဟ ခုပဲ ဂျာကြီးပြောလိုက်တာ ပြီးမှ မင်းကို ခေါ်ပြောမယ်ထင်တယ်"

နှစ်တိုင်း မောင်တို့ရုံးခွဲမှ လူတွေကို ကုမ္ပဏီက ရန်ကုန်တွင်သင်တန်းပေးလေ့ရှိသည်။ ယခု မောင့်အလှည့်ဆိုပါလား ။

"မောင် သမီးရန်ကုန်ကို သင်တန်းသွားရမယ် ရုံးချုပ်က စာထွက်လာပြီ"

"ဟုတ် အန်ကယ်လ်"

"ကြိုးစားသမီး သမီးအတွက် အလားအလာကောင်းတွေများတယ် ကြားလား"

"ဟုတ်ကဲ့ ဘယ်နေ့သွားရမလဲ အန်ကယ်လ်"

"မနက်ဖြန် တနင်္ဂနွေ ဆိုတော့ မနက်ဖြန် ညကားစီးသွားပေါ့ သဘက်ခါ မနက်ရုံးတတ်လို့ရတာပေါ့"

"ဟုတ် အန်ကယ်လ်"

+++++++++++++++++++++++++++

ရန်ကုန်မှာ သုံးလကြာသင်တန်းတတ်ပြီး ပြန်လာတော့ မောင် စိတ်ဓာတ်ရော အလုပ်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံရော ရင့်ကျက်လာခဲ့တယ် 

မောင့် ဦးဏှောက်ထဲမှာ အလုပ်တွေကပဲ မင်းမူနေခဲ့တယ်
တခါတရံ ကို့ ကို သတိရတတ်တာက လွဲရင်ပေါ့

"မောင် ဒီမှာ မင်းအတွက် ပါဆယ် ရောက်နေတယ်"

"ဘုရားရေ မောင့်ဆီကို ဗုံးပါဆယ်တော့ ဟုတ်လောက်ပါဘူးနော်"

ရယ်မောနောက်ပြောင်ရင်း မောင် ပါဆယ်ထုပ် လေးကို လက်ခံယူတော့ ပါဆယ်ရဲ့ အပြင်အဆင်က ကို့ဆီက ဆိုတာကို မောင်သိနေခဲ့တယ်

ဒါဟာ ကို့စိတ်အလုံးစုံကို မောင်က သိနေခဲ့တာကြောင့်လို့ မောင်ကတော့ ပြောချင်တယ်

 ဒါပေမယ့် ကိုကတော့ မောင့် ကို မသိခဲ့ဘူးလေ မောင်ကတော့ ပါဆယ်လေးထဲက ပစ္စည်းကိုပါ မှန်းလို့ရနေပြီထင်တယ်

ထင်တဲ့အတိုင်းပဲ ကို့ဆီက ရောက်လာတဲ့ပါဆယ်လေးထဲမှာ ပါလာတာက အသည်းပုံ ရင်ထိုးလေးပါ
အသည်းနှစ်ခုထပ်လျက်လေးပါ့ ကို အရမ်းသဘောကျတဲ့ပစ္စည်းလေ -----------

မောင်လား  အင်း မောင်ကတော့ သိပ်မနှစ်သက်လှပါဘူး အဲ့လို အသည်းပုံလေးတွေ အစား အခြား ချစ်စရာပုံလေးတွေကိုပဲ မြတ်နိုးတယ်

 မောင်ပြောသားပဲ ကို က မောင့်ကို မသိပါဘူးလို့လေ

" ကို အရမ်းလွမ်းတယ်မောင် ကို့ကို ခွင့်လွှတ်ပေးပါ" တဲ့

စာရွက်ဖြူလေး က မောင့် ကို တောင်းပန်နေသတဲ့လား မောင် ဘာဆက်လုပ်ရမလဲကွယ်

"မောင် မင်းဘယ်လိုလုပ်မလဲ"

"မသိတော့ဘူး မာလာရယ် မောင် ဘာလုပ်ရမလဲဆိုတာကို"

တကယ်လဲ မောင် နားမလည်တော့ဘူး ကို

+++++++++++++++++++++++++++++++

"ကျွန်မ မောင့်ကို စကားနည်းနည်းပြောချင်တယ်"

"ပြောပါ မောင် နားထောင်နေပါတယ်"

"ကို က မောင့်ကို မေ့လို့မရဘူးတဲ"့

ဘုရားရေ ဒီမိန်းမက ကို့ ကို မောင်ခေါ်သလို ကိုတဲ့လား ။

ပြီးတော့ ကို ကရော မောင် အလွန်နှစ်သက်ပါတယ်ဆိုတဲ့ နာမ်စားကို ဒီမိန်းမ အတွက်သုံးခဲ့သတဲ့လား ။

"ကို ပြောသလိုပဲ မောင်ဟာ သိပ်တော် သိပ်ထက်တဲ့ မိန်းကလေးပဲ  ကျွန်မ ကလည်း ကိုယ်လိုချင်တာကို မရရအောင် ယူပြတတ်တယ် မောင်ရဲ့ "

ဘုရားရေ မောင် ဒီနေ့အဖို့ ကုသိုလ်တော်တော်ရမည်ထင်တယ် ဘုရား မကြာခန တ မိနေပါလား ။

"အဲ့ဒီတော့ ------"

"မောင့် ကို ကျွန်မ စိန်ခေါ်တယ် ပြောရမလား  ကို့ ကို ကျွန်မ မောင့်လက်ထဲက အရယူပြမယ်"

ဘုရားရေ မောင် က ယောကျာ်း တစ်ယောက်ကို အဲ့လို လုယူမှ ရမယ့်သူလားကွယ် ။

မောင့်ကို ကြည်နူးဆိုတဲ့ အဲ့ဒီမိန်းကလေးနဲ့ မိတ်ဆက်ပေးကတည်းက သူဟာ မောင့်ဘ၀ လေးကို မွှေနှောက်မယ့်သူဆိုတာ မောင် ဘာလို့ မရိပ်မိခဲ့တာပါလိမ့် ။

မောင် နဲ့ ကို အတူတူထိုင်နေရင်တောင်မှ အအေးပုလင်းလေးကို မဖောက်နိုင်လို့ ကို့ ကိုဖောက်ပေးပါပြောခဲ့တဲ့
အဲ့ဒီ ကလေးစိတ်နဲ့ မိန်းကလေးကလေ မောင့်ဘ၀ ကိုနှောင့်ယှက်မယ့်သူတဲ့ ကိုရယ် ။

အဲ့ဒီအဖြစ်အပျက်တွေရဲ့ နောက်မှာတော့ ကိုဟာ မောင့်ကို အပြစ်မြင်လာခဲ့တော့တယ် ။

အရင်က ကို ချစ်ပါတယ်ဆိုတဲ့ မောင့်ရဲ့ ထက်မြက်တဲ့ အပြုအမူတွေဟာ ကို့ ကို သိက္ခာကျစေပါသတဲ့ ။ 

ကို ဟာ သူ့ကို အားကိုးပြီး ချွဲနွဲ့ တတ်တဲ့ မိန်းမကိုပဲ လိုချင်ပါသတဲ့လေ ။  မောင်ကလည်း ဘယ်လိုမှ မိန်းမပီသစွာ မချွဲနွဲ့တတ်သူရယ်ပါ ။

နိဂုံးချုပ်တော့ မောင် သိပ်ချစ်တဲ့ ကိုက မောင့်ကို လမ်းခွဲကြစို့ တဲ့ ။

+++++++++++++++++++++++++++++++++

"မောင် ကို့ ကို ခွင့်လွှတ်တယ်မဟုတ်လားဟင် "

မောင့် ကို မေးနေတဲ့ ကို့ အသံလေးက တကယ့်ကို သနားစဖွယ် ။ အပြစ်လုပ်ထားတဲ့ကလေးက လူကြီးကို တိုင်တည်ချော့မော့နေသလိုပါ ။

"မောင် ကို မေးတာကိုဖြေဦးလေ"

"------------------------------"
"-----------------------------"
"---------------------------"
"------------------------"

မောင်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုအကြီးကြီး ကာရံထားတယ် ။ ဆန္ဒစောစွာ နဲ့ ကို့ရဲ့ အသက်ရှူသံပြင်းပြင်းတွေရဲ့ နောက်မှာ တတွတ်တွတ် နဲ့ ကို့အသံက ကပ်ပါလာတယ် ။
မောင် ဘာလုပ်ရမလဲကွယ် ---------------။

"ဟင့်အင်း မောင် ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး"

ပြောအပြီး မောင် အသာအယာပဲ လှည့်ထွက်လာခဲ့တယ် ။ နေခဲ့တော့ ကို -------------

မောင့်ဘ၀လေးကို ကို မပါပဲ တည်ဆောက်ခွင့်ပြုပါတော့ ။ ချွဲနွဲ့ မှုကို မတတ်ကျွမ်းလို့ ချစ်သူအပစ်ခံရတဲ့ မိန်းမ အဖြစ်သာ မောင်ရှင်သန်ပါရစေတော့ ကိုရယ် ။

နောက်ထပ် နောက်ထပ် ဆိုတဲ့ ဒီလိုအဖြစ်တွေ ရောက်လာမှာကို မောင်ကြောက်တယ်  ။ ဒီတခါလည်း မောင် မချစ်ချင်ဟန်ဆောင်ပါရစေတော့ကွယ် ------------။


                                                                                                 Thaepon

Monday, October 21, 2013

မသေနိုင်သော




ဒီနေ့ ကိုကို နဲ့ စကားပြောဖြစ်တယ်
'နေကောင်းလား ညီမလေး' တဲ့
'ဟုတ် နေကောင်းပါတယ်'
တော်တော်ကြာကြာ နှုတ်ဆိတ်သွားပြန်တယ်
ကိုကို နဲ့ ကျမ ကြားမှာ အဲ့ဒီလိုပါပဲ ပြောစရာ စကားလုံးတွေ ပါးရှားလွန်းပါတယ်
ဘာရယ်မဟုတ်ဘူး ပတ်ဝန်းကျင် ကို လိုက်ကြည့်နေမိတယ် တကယ်တမ်း ကြည့်ချင်နေတာက ကိုကို့ မျက်နှာကို ကြည့်ဖြစ်တာက ပတ်ဝန်းကျင်ကို ဟင် ------- ဒီနေရာက
'အဆင်ပြေလား ညီမလေး'
'ဟုတ်ကဲ့'

ဟုတ် ထပ်ပြီး တိတ်ဆိတ်သွားပြန်ပါတယ် တကယ်က ကိုကို့ကို ပြောပြချင်တာတွေ အများကြီး
ကိုကို မရှိတော့ ယောင်ချာချာဖြစ်နေတာ
ကိုကို့ကို လွမ်းနေတာ
ကိုကို့ ကို တမ်းတတာ
ကိုကို အနားမှာမရှိမှ ပိုချစ်လာတာ
 အခု ကိုကို့စကားကို နားထောင်ပြီး လိမ္မာနေပြီဆိုတာ
ကိုကို့ကို မျှော်နေတာ
ကိုကို ရော နေကောင်းရဲ့လား
ကိုကို ပိန်သွားတယ်
ကိုကို ညီမလေးကို သတိရ ရဲ့လား
အရင်ကလိုရော ညီမလေးကို ချစ်သေးလား

အဲ့ဒီလို တရစပ်မေးခွန်းတွေ ကို ကိုကိုက ပြုံးပြီးနားထောင်နေပြီးမှ
ချစ်တာပေါ့ ညီမလေးရယ်
ကိုကိုလည်း အရမ်းလွမ်းတာပေါ့   ညီမလေး အရမ်းဆိုးလည်း ကိုကိုက ချစ်မှာပဲ
ခု လိမ္မာသွားပြီဆိုတော့ ပို ချစ်မှာပေါ့ ညီမလေးရဲ့ ဆိုပြီး ခေါင်းကလေးကို လက်နဲ့ အုပ်မိုးကိုင်ပြီး ဆွဲခါလှုပ်လိုက်တယ် ပြီးတော့ လက်ကလေး ကို တယုတယ ကိုင်ပြီး ကိုကို နောက်ဆို ကလေးကို ခွဲမသွားတော့ဘူးနော် လို့ ကတိပေးမယ်-----------

'ကိုကို ပြန်တော့မယ် ညီမလေး'

ဟင် အတွေးတွေလား အဲ့ဒါဆို ကျမ အတွေးတွေ ဖြစ်မလာဘူးပေါ့နော် 
မသွားပါနဲ့ ကိုကိုရယ် ညီမလေး နားက ထပ် ထွက်မသွားပါနဲ့လား ဘာလို့ ထွက်သွားမယ့် စကားလုံးမျိုးကို ပြောထွက်ရက်တာလဲ ကိုကိုရယ် ညီမလေး တားပါရစေနော် ကိုကို နဲ့ အဝေးကြီးမှာမနေနိုင်လို့ပါ

'အခု နေကောင်းအောင် ပျော်အောင်နေနော် ညီမလေး ကိုကိုမကြာမကြာ လာမှာပေါ့ ညီမလေးရယ်'

'ဟင့်အင်း မနေချင်ပါဘူး ညီမလေး ပျော်နေရင် ကိုကို က ထပ်လာမတွေ့တော့ဘူးမလား ပြီးတော့ကိုကို မရှိပဲ ညီမလေးမပျော်ပါဘူး ကိုကိုရယ်'
ကျမ ကိုကို့ကို နောက်ကနေ သိုင်းဖက်လိုက်တယ် ။
ဟင်
 ကိုကို လှည့်ထွက်သွားပြီ ကိုကို့ နောက်ကို ကျမ အပြေးလိုက်သွားမိတယ် ။
ကိုကိုရေ ကိုကိုရေ ညီမလေး ကို တခါတည်းခေါ်သွားပါ ကိုကိုရယ် ညီမလေး တယောက်တည်းမနေခဲ့ချင်လို့ပါ
------------

ဟော ကိုကို ကားနားရောက်နေပြီ သူ့သူငယ်ချင်းက တံခါးနားမှာစောင့်နေတယ် ကျမ
မြန်မြန်လိုက်မှ ရမယ်  ကိုကိုလည်း ကျမ ကို ထားခဲ့ရတာ စိတ်မကောင်းသလိုပါပဲ ခေါင်းငိုက်စိုက် နဲ့
ဟင် ကိုကို့မျက်လုံးတွေမှာ မျက်ရည်စတွေနဲ့ပါလား ။

'ငါ့ကြောင့် ငါ့ကြောင့် ညီမလေးကို ငါဂရုမစိုက်ခဲ့လို့ပါကွာ'
'မဟုတ်တာသူငယ်ချင်းရာ ကံကြမ္မာက ဒီလိုဖန်လာတာပဲ လက်ခံရမှာပေါ့ကွာ သေတဲ့သူလည်းသေပြီ ငါတို့လုပ်ပေးနိုင်တာက သီရိ ကို ကောင်းမွန်ရာ ရောက်အောင် နောက်ဘ၀မှာ ဒီလိုဝေဒနာမခံစားရအောင် လုပ်ပေးရုံပဲလေကွာ'

ဟင် သူတို့ဘာတွေ ပြောနေတာလဲ ??
ကျမ ခုန ကိုကိုနဲ့ စကားပြောခဲ့တဲ့နေရာလေးကို ပြန်သွားလိုက်တယ်
ဟင်

  မသီရိလင်း
အသက် (20)
- / - / -  ကွယ်လွန်သည် ။


                                                              Thaepon

Wednesday, September 11, 2013

မာန ဖြင့် နင်းခြေသော ချစ်ခြင်း







ကျွန်မ ဒီနေ့လို နေ့မျိုး ရောက်လာမယ်ဆိုတာ ကြိုသိနေပါတယ် မောင် ------
ဒီနေ့ ဒီနေရာမှာ သက်ထက်စံ ဆိုတဲ့ ကျွန်မ ငြိမ်သက်စွာ ရပ်နေတာဟာ ကျွန်မ သိပ်ချစ်တဲ့ မောင့် ကြောင့် ဆိုတာ မောင်သိမှာပါ ။

                             *************************************************
ကျွန်မ က သာမန် အစိုးရ၀န်ထမ်း ကျောင်းဆရာ ဖေဖေ နဲ့ မေမေ တို့ ရဲ့ တတိယမြောက် သမီးပေါ့။ ကျွန်မတို့ က မောင်နှမ ငါးယောက်
ကျွန်မ အထက်က ကိုကို နဲ့ မမ၊ အောက်က မောင်လေး နှစ်ယောက်။ ကျွန်မ တို့ မိသားစုဟာ ဖေဖေ့ ရဲ့ အစိုးရလစာ ၊ မေမေ့ ရဲ့ အပ်ချုပ်ဆိုင်လေး က ရတဲ့ ၀င်ငွေ လေးနဲ့ မရှိမရှား သာမာန် မိသားစုလေးပါပဲ။ ကိုကို ခန့်ထက်စံ နဲ့ မမ ထက်ထက်စံ က ကျောင်းပြီးလို့ အလုပ်ဝင်လုပ်ရင်းနဲ့ ကျွန်မတို့ အငယ် သုံးယောက် အတွက် ကျောင်းစရိတ် အထောက်အပံ့ ရစေခဲ့တယ်။
မောင် နဲ့ ကျွန်မ စတွေ့တာက ကျမ တက္ကသိုလ် တတိယနှစ် တတ်သည့် အချိန်မှာပါ။ ကျွန်မက ကျောင်း ကို လိုင်းကား နဲ့ တတ်တယ်။ မောင်က ဆိုင်ကယ်နဲ့ တတ်တယ်။
ကျွန်မ သူငယ်ချင်း စုလဲ့ ကြောင့် မောင်နဲ့ ကျွန်မ စပြီး ခင်မင်ခဲ့ရတယ်။
အဲ့ဒီနေ့က ကျွန်မ နဲ့ စုလဲ့ ကဲင်(န်)တင်းမှာ မုန့်စားနေတုန်း မောင်ရောက်လာခဲ့တယ်။ ကျွန်မ က အရင်ရက် ဖွားဖွားနာရေးကြောင့် ကျောင်းပျက်ခဲ့ရတော့ စုလဲ့ ဆီက စာတွေ ကူးနေတာပေါ့။ မောင် နဲ့ သူ့သူငယ်ချင်း ထိုင်ခုံဆွဲပြီး ထိုင်လိုက်ချိန် တချက်ပဲ မောင့် ကို ကြည့် ခဲ့မိတယ်။ ကျွန်မ အတွက် ကျောင်းစာ က အရေးကြီးနေချိန်ဆိုတော့ စာကိုပဲ ငုံ့ ရေးနေမိတာပေါ့လေ။
‘စုလဲ့’
‘အင်း ပြော ဝေဖြိုး’
‘ငါ နင့်အတန်းဘက်သွားသေးတယ်ဟ မတွေ့လို့ ဒီလိုက်လာတာ’
‘အင်း ဒီနေ့ အတန်း ချိန် မရှိတော့လို့ ထွက်လာတာဟ’
‘စုလဲ့ နင့် သူငယ်ချင်းလား’
‘အင်း သက်ထက် တဲ့ သက်ထက် ဒါ ငါ့သူငယ်ချင်း ဝေဖြိုးမောင် တဲ့’
ကျမ စာရေးနေရင်း မော့ကြည့်လိုက်တယ်
‘ဟုတ် ကျမ သက်ထက်စံပါ’
‘ဟုတ် အသက် လို့ ခေါ်လို့ရမလား’
ကျွန်မ နည်းနည်းတော့ စိတ်ထဲ အလိုမကျ ဖြစ်သွားသည်။ ဘယ်နှယ့် ခုမှ စ သိသိချင်းကို ရဲတင်းလွန်းသည် ဟုထင်သည်။
‘ကျွန်မ နာမည် သက်ထက်စံ ပါ သက်ထက်လို့ ခေါ်နိုင်ပါတယ်’
‘ဟုတ်ပါပြီဗျာ ကျနော့် နာမည် ဝေဖြိုးမောင်ပါ’
ကျွန်မ အသိမှတ်ပြုတဲ့ အနေနဲ့ ခေါင်းတချက်ဆတ်ပြရင်း စာပဲ ရေးနေလိုက်တယ်။ ကြည့်လိုက်မိတဲ့ အချိန်ခဏ မှာ သူဟာ အင်မတန် ကြည့်ကောင်းတဲ့ ယောကျာင်္းလေး တစ်ယောက်ဆိုတာကိုတော့ ကျွန်မ ရင်ထဲမှာ ၀န်ခံခဲ့မိပါတယ်။
*****************************************************
ကျွန်မ တို့ အတန်းရှေ့ ကို မောင် မကြာခဏ ရောက်လာတတ်တယ်။ ရောက်လာတိုင်းလည်း စုလဲ့ဆီ ဆိုတဲ့ အကြောင်းပြချက်ပေမယ့်
သူ့မျက်ဝန်းတွေ ကျွန်မ ဆီပဲ ရောက်နေတတ်တာကို ဘာသဘောလဲ ဆိုတာ သင်ဆရာမလိုတဲ့ မိန်းမတို့သဘာဝ နဲ့ ကျွန်မ သိနေခဲ့ပါတယ်။
အဲ့ဒီနေ့က ကျွန်မ ဘ၀ ရဲ့ အမှတ်တရ နေ့လေးတခုပါပဲ  
အဲ့ဒီနေ့က စုလဲ့ နေမကောင်းလို့ ကျောင်းမလာဘူး။ အတန်းရှေ့ ကို မောင် ရောက်လာခဲ့တယ်။  စုလဲ့ မလာတဲ့အကြောင်း မောင့် ကို ကျွန်မ ထွက်ပြောခဲ့တယ်လေ။
‘ကျနော် သက်ထက် ကိုပြောစရာလေး ရှိလို့ပါ ကျေးဇူးပြုပြီး နားထောင်ပေးပါနော်’
ကျမ ရင်တွေခုန် လိုက်တာ မောင်  ကျမ မောင့် နောက်ကနေ လိုက်လာခဲ့မိတယ် ။
ကျမတို့ ထိုင်နေကျ ခုံတန်းလေး ကိုရောက်တော့-------
‘ကျနော် အသက် ကို အရမ်းချစ်တယ်’
‘ရှင်’
မျှော်လင့်ထားပေမယ့် တကယ်တမ်း ကြားလိုက်ရတဲ့ အချိန်မှာ ကျွန်မ ဟန်မဆောင်နိုင်ခဲ့ဘူးမောင်။
‘ကျနော့် အချစ်ကို လက်ခံပေးပါ အသက်ရယ် နော် နော်’
‘ကျွန်မ စဉ်းစားပါရစေဦး ဝေဖြိုး’
‘ဟုတ် စဉ်းစားပါ အသက် ကျနော် ဘယ်လောက်ကြာကြာစောင့်ပါ့မယ်’
               +++++++++++++++++++++++++++++++++++++++++++++++++++++++++++
         စာမေးပွဲ ပထမ နှစ်ဝက် အတွက်ဖြေပြီးတော့ ကျွန်မတို့ ကျောင်းတွေပိတ်ထားသည်။ ပိတ်ထားသည့် ရက်များအတွင်းမှာ ကျွန်မ တို့ အိမ်သို့ စုလဲ့ နှင့် အတူ မောင် ရောက်ရောက် လာတတ်သည်။ စုလဲ့ ကို အပူကပ်ပြီး ကျွန်မတို့ အိမ် သို့ လိုက်ပို့ခိုင်းသည် ဟု စုလဲ့က ပြန်ပြောပြလေသည်။ မေမေ့ အလစ်မှာ ကျနော် အသက် ကို အရမ်းလွမ်းတာပဲ ဟု ခိုးခိုး ပြောတတ်သော မောင့် ကို ကျွန်မ အဲ့ဒီအချိန်မှာ အသေအချာချစ်ခဲ့မိလေသလား မသိ။
*************************************************************
ကျောင်းတွေပြန်ဖွင့်တော့ မောင် ကျွန်မ ကို အဖြေတောင်းသည်။ ပါးစပ်က မပြောရဲသော ကျွန်မ က မောင့် လက်ဖ၀ါးလေးမှာ အဖြေရေးပေးတော့ အဲ့လက်ကလေး ကို ဖြန့်ဖြန့် ကြည့်နေတတ်သည့် မောင့် ကို ကျွန်မ အချစ်ပိုရပြန်ပါသည်။

‘အသက်’
‘ပြောလေ မောင်’
‘မနက်ဖြန် အသက်မွေးနေ့နော်’
‘အင်း’
‘ဘာလိုချင်လဲ မောင် ၀ယ်ပေးမယ်လေ အသက်’
‘ဟင့်အင်း မလိုချင်ပါဘူး’
‘လုပ်ပြီ အသက်ရာ မောင်က တစိမ်းလားကွာ မောင် ဘာဝယ်ပေးပေး အသက် လက်မခံဘူး’
‘အသက် သူများဆီက ဘာကိုမှ အလွယ်တကူ မလိုချင်လို့ပါ မောင်’
‘မောင်က သူများ လား အသက်’
‘ကိုယ် မဟုတ်ရင် သူစိမ်းပဲလေ’
‘အသက် စကားတတ်လွန်းတယ်ကွာ’
အဲ့ဒီ မွေးနေ့မှာ မောင် ဇွတ် အတင်းစီစဉ်ပေးတဲ့ မွေးနေ့ကိတ် နဲ့ ကျွန်မ မွေးနေ့ ကို ဖြတ်သန်းခဲ့တယ်မောင်။
************************************************
‘မောင် မျက်နှာလည်း မကောင်းပါလား’
‘အင်း’
‘ဘာကိစ္စဖြစ်လာလို့လဲ’
‘မောင်တို့ ကိစ္စ မာမီ သိသွားပြီ အသက်’
‘ဟင်’
တချိန်မှာ မောင့် မာမီ သိသွားမယ်ဆိုတာ ကျွန်မ ကြိုတွေးထားပေမယ့် ဒီလောက် မြန်မြန် သိသွားမယ်လို့ ကျွန်မ မထင်ထားခဲ့တာ အမှန်ပါပဲ။
‘ဘာပြောလဲ မောင်’
‘ဒီလိုပါပဲ အသက်ရယ် မောင့် ကို ငယ်သေးတဲ့ အကြောင်းပေါ့’
‘ဒါပဲလား မောင်’
‘အသက် ကလည်းကွာ’
ကျွန်မ သိပါတယ် မောင် ။ လူတယောက်ရဲ့ အဆင့်အတန်းကို ငွေ နဲ့ တန်ဖိုးဖြတ်တတ်တဲ့ မောင့် မာမီ အကြောင်းကို ကျွန်မ သေချာသိတာပေါ့။
နောက်ဆုံးနှစ် စာမေးပွဲ ဖြေမယ့်အချိန်ထိ မောင့် မာမီ ဆီက ဘာအသံမှ မထွက်လာခဲ့တဲ့အတွက် နုနယ်တဲ့ ကျွန်မ အတွေးမှာ ကျွန်မကို လက်ခံပေးလို့လားလို့ မရဲတရဲ ၀မ်းသာမိသေးတယ်မောင် ။
ဒီနေ့ ကျွန်မတို့ စာမေးပွဲ နောက်ဆုံးနေ့ ။ ခါတိုင်းလိုပဲ စာမေးပွဲခန်းထဲ မ၀င်ခင် မောင် ကျွန်မ ကို လာတွေ့တယ် ။
‘အသက်’
‘အင်း မောင် ပြောလေ’
‘မာမီက အသက် ကို အိမ်ခေါ်ခဲ့တဲ့ အသက်ရ’
‘ဟင်’
‘ဟုတ်တယ် မောင်နဲ့ ညနေကျ တခါတည်း လိုက်ခဲ့နော် အသက် မာမီက ညနေ ခေါ်ခဲ့တဲ့’
ဝမ်းသာအားရပြောနေတဲ့ မောင့် ကို ကြည့်ပြီး ကျွန်မ လည်း ၀မ်းသာသည်ပေါ့ ။ မောင့် မာမီက ကျွန်မ နဲ့ မောင့် ကို သဘောတူလို့များလား ဆိုတဲ့ အတွေးတွေ နဲ့ ကျွန်မ အရမ်းပျော်ပါတယ် မောင် ။
စာမေးပွဲခန်းထဲက ထွက်လာတဲ့ ကျွန်မကို အခန်းပေါက်မှာစောင့်နေတဲ့ မောင်က အပြေးလေး လာခေါ်တယ်။
‘လာ အသက် သွားစို့’
‘အယ် အခုလား မောင်’
‘အင်းပေါ့’
‘အင်း အင်း’
ကျမ မောင့် ဆိုင်ကယ် နောက်က လိုက်လာခဲ့တယ်။
‘ကဲ ရောက်ပြီ ဗျာ’
မောင်တို့ခြံဝန်းကြီးက ကျွန်မတို့ အိမ်လေးရဲ့ သုံးဆလောက်ကို ကျယ်ပါတယ် ။ တိုက်ကြီးကလည်း ခမ်းနားလိုက်တာ ။ မောင် တို့ ချမ်းသာတာကို ကျွန်မ သိပေမယ့် ဒီလောက်ထိ ချမ်းသာမယ်လို့ ကျွန်မ မသိခဲ့တာ အမှန်ပါ မောင် ။
‘လာ အသက်’
မောင် က ကျွန်မ လက်ကလေးကို ဖြေးဖြေးလေး ဆွဲပြီး အိမ်ထဲကို ခေါ်လာခဲ့တယ် ။ ဧည့်ခန်းက ဆိုဖာဆက်တီပေါ်မှာထိုင်နေတဲ့ မောင့် မာမီက မောင် တွဲထားတဲ့ ကျွန်မ လက်ကို မနှစ်မြို့သလို စူးစိုက်ကြည့်နေပါလား ။
‘လာ ထိုင် သား’
‘ဟုတ် မာမီ လာ အသက်’
ကျွန်မ ၀င်ထိုင်လိုက်တော့ အိ ခနဲ ဖြစ်သွားတဲ့ ဆိုဖာ ဟာ ကျွန်မ ဒီအသက်အရွယ်အထိ ပထမဆုံးထိုင်ဖူးခြင်းဆိုတာ ၀န်ခံပါတယ် မောင်
‘သား မာမီ့ အခန်းထဲက ဆေး သွားယူပေးစမ်း’
‘ဟုတ် မာမီ’
မောင် ကျွန်မကို အားပေးသလို အကြည့်တချက်ကြည့်ရင်း အိမ်ပေါ်ကို တတ်သွားခဲ့တယ် ။ ခု ဒီ ဧည့်ခန်းထဲမှာ မောင့် မာမီရယ် ကျွန်မရယ် ပဲ ကျန်ခဲ့ပါတော့တယ် ။
‘သက်ထက်စံ’
မောင့် မာမီ အသံကြောင့် ကျွန်မ ဆတ်ခနဲ တုန်သွားသည် ။
‘ဟုတ်’
‘အန်တီက တခြားသူတွေကို စကားကို ကွေ့ဝိုက်မပြောတတ်ဘူး မိန်းကလေး သား ကို ဘာလို့ချစ်တာလဲ’
‘ရှင်’
‘ရှင်းရှင်းပြောမယ်ကွယ် မင်းလို ပညာလေးတခု သားနဲ့ တန်းတူရှိနေတာကလွဲရင် ဘာမှ ကျောထောက်နောက်ခံ မရှိတဲ့ မိန်းကလေး တယောက်နဲ့ သားကို သဘောမတူနိုင်ဘူး  အန်တီ က သား ကို နောက်လဆို သြစတြေးလျ ကို ပညာသင်လွှတ်တော့မှာ သား ရဲ့ အနာဂတ်အတွက် သားကို ဘာမှမဟုတ်တဲ့ မိန်းကလေး တယောက်ကြောင့် လမ်းကြောင်းလွဲသွားမှာ အန်တီမလိုလားဘူး အဲ့ဒါကြောင့် မင်းကို ခေါ်ပြောရတာပဲ မိန်းကလေး ခုကတည်း က သားနဲ့ ကင်းကင်းရှင်းရှင်းနေစေချင်တယ်ကွယ် အို ကုန်ကုန်ပြောမယ် သားရဲ့ ကြွယ်ဝမှုကြောင့် မင်း ဒီလိုကပ်နေတာဆိုရင် မင်း ကို ငါ ငွေ ဘယ်လောက်ပေးရမလဲ’
ပူ ခနဲ ဖြစ်သွားတဲ့ မျက်နှာမှာ နားထဲ ကို ညင်သာစွာ မစီးဝင်တဲ့ မောင့် မာမီရဲ့ စကားတွေက ကျွန်မ ရဲ့ မာန တရားကို နှိုးဆွ လာခဲ့ပြီမောင် ------
‘ပြီးတော့ မင်း မိဘ တွေ နဲ့လည်း ငါတွေ့ခဲ့ပြီးပြီ ဒီလို အဆင့်အတန်းမျိုး နဲ့ ငါ့သားကို သဘောမတူနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား ငါပြောပြီးပြီ မိန်းကလေး’
အို----- ကျွန်မ မိဘတွေ အထိပါ ကျွန်မကြောင့် အစော်ကားခံရပါလား ။
‘မိန်းကလေး တယောက်ကို မွေးထားတဲ့ မိဘ တွေ အနေနဲ့ ကိုယ့်သမိးကို ထိန်းသိမ်းဖို့ ငါ သတိပေးထားပြီးပြီ အခု မင်းကို ခေါ်တွေ့တာက မင်း ကိုယ်တိုင် ငါ့သားနဲ့ ကင်းရှင်းသွားဖို့ပဲ သက်ထက်စံ’
ကျွန်မ ညင်သာစွာ ထရပ်လိုက်တယ် စိတ်ထဲက အတိုင်းသာဆို ၀ုန်း ခနဲ မြည်အောင် ထရပ်ပြီး ရင်ထဲက ဒေါသနဲ့ မာနတရားကို ပြမိမှာပါပဲ ။ ဒါပေမယ့် လူတယောက်ရဲ့ အဆင့်အတန်း ဆိုတာကို ငွေနဲ့ပဲ တိုင်းတာချင်တဲ့ မောင့် မာမီကို လူယဉ်ကျေးတယောက်ရဲ့ တကယ့်အဆင့်အတန်းဆိုတာကို ကျွန်မ ပြချင်တယ် မောင် -----------
‘အန်တီ ကျွန်မ မေးပါရစေ လူတယောက်ရဲ့ အဆင့်အတန်းဆိုတာကို ဘာနဲ့တိုင်းတာပါသလဲရှင် ကျွန်မ တို့လို အဆင့်အတန်းဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မ နားမလည်လို့ပါ’
‘ဟင်း ဟင်း အေးပေါ့လေ မင်းတို့လိုလူမျိုးတွေက ဒီလို စကားအတွက် ဆတ်ဆတ်ခါ နာတယ် ဆိုတာ ငါ နားလည်ပြီးသားပဲ’
ကျွန်မ တချက်တော့ ပြုံးလိုက်မိပါရဲ့ မောင် ။ စိတ်ချပါ အန်တီ ဒီစကားတခွန်းက ကျွန်မ အတွက် ဆတ်ဆတ်ခါ နာစေတယ်ဆိုတာ သိထားရင် ကျမရဲ့ စကားတွေ အတွက်လည်း အန်တီ ဆတ်ဆတ်ခါ နာစေရပါမယ် ။ သက်ထက်စံ ဆိုတဲ့ ကျွန်မ က ဘယ်တုန်းကမှ သူများ ရဲ့ စကားတခွန်းမှာ မကျဆုံးတတ်ဘူး ရှင့် ။
‘ကျွန်မ ဒီကို ရောက်လာတာဟာ အန်တီက တွေ့ချင်တယ်ဆိုလို့ လူကြီးတယောက် ကို လေးစားသမှုနဲ့ ကျွန်မရောက်လာတာပါ အန်တီ ထင်မှတ်မထားတာက ဧည့်သည်ကို အိမ်ရှင်က စော်ကားမယ်လို့ မထင်ထားတာပါပဲ အဲ့ဒါတွေ အားလုံးထက် လူကြီးလူကောင်းအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ အန်တီက ဒီလိုအလုပ်မျိုးလုပ်မယ်လို့ တွေးမထားမိတာပါ ပြီးတော့ ကျွန်မ ဝေဖြိုးရဲ့ အနာဂတ် အစီအစဉ်တွေကို စိတ်မ၀င်စားဘူးအန်တီ သူ့ နောက်က စည်းစိမ်ချမ်းသာကို စိတ်ဝင်စားဖို့ ဆိုတာ အဝေးကြီးပါ အန်တီ့ အနေနဲ့လည်း အန်တီ့ သားကို ကျွန်မ နဲ့ သဘောမတူသလို ကျွန်မ မိဘတွေကလည်း လူတိုင်းကို မတူတန်သလိုသဘောထားတတ်တဲ့ ဘ၀င်မြင့်မိသားစုရဲ့ သားနဲ့ ကျွန်မ ကို သဘောမတူပါဘူး အန်တီ ကျွန်မ မိဘ တွေကို အန်တီ သတိပေးခဲ့သလို ကျွန်မ ကလည်း သတိပေးလိုက်ပါရစေ ကျွန်မ ရှိတဲ့ပတ်ဝန်းကျင်မှာ အန်တီ့ ရဲ့ အဖိုးတန်လှစွာသော သားကို အရိပ်လေးတောင်မှ မမြင်ရအောင် အန်တီက ထိန်းသိမ်းပေးပါ ခွင့်ပြုပါဦး အန်တီ’
‘အောင်မာ လူပါးဝလို့ နင်ကများ’
‘အော် တခုထပ်ပြောပါရစေဦး အမြင့်ကနေ ကြည့်တဲ့ အန်တီ့အနေနဲ့ ကျွန်မ တို့ကို သေးသေးလေးလို့ မြင်သလို အနိမ့်က ကြည့်တဲ့ကျွန်မ တို့အတွက်လည်း အန်တီက အစက်ကလေးတစက်ပါပဲ’
ကျွန်မ ကျောခိုင်းပြီး ထွက်လာခဲ့တယ် မောင် ။ မောင်တို့အိမ်ရဲ့ ဧည့်ခန်းမှာပဲ ကျွန်မ မောင့်ကို ချစ်တဲ့အချစ်တွေ ချန်ထားခဲ့ပါတယ်မောင် ။  လှည့်ထွက်လာတုန်းမှာ မျက်ဝန်းထောင့်စွန်းမှာ မောင့်အရိပ်ကို လှမ်းတွေ့လိုက်ပေမယ့် ကျွန်မ မကြည့်တော့ပါဘူးမောင် ။ မောင် နဲ့ပတ်သတ်တဲ့ သံယောဇဉ် အချို့ကို မောင့် ခြံဝန်းတံခါးမှာ ကျွန်မ ချိတ်ခဲ့ပါပြီ  
                   +++++++++++++++++++++++++++++++++++++++++++++++++++++
‘အသက်’
ကျွန်မ ဈေးဝယ်နေတုန်း နောက်က လှမ်းခေါ်လိုက်တဲ့ မောင့် အသံကို ကြားလိုက်ရတယ် ။ ဟင့်အင်း လှည့်မကြည့်ချင်ပါဘူး မောင်ရယ် ကျွန်မ မောင်နဲ့ ပတ်သတ် ဖို့ကို ကြောက်လို့ပါ ။
‘အသက်  မောင် ခေါ်တာကို အသက်ရယ်’
‘ကျွန်မ ရှင် နဲ့ မပတ်သတ်ချင်ဘူး ဝေဖြိုး ကျွန်မ နားမှာထပ်ပေါ်မလာပါနဲ့’
‘အသက်ရယ်’
ရပ်ကျန်နေခဲ့တဲ့ မောင့်ကိုကြည့်ရင်း ကျွန်မ လည်း ခံစားရပါတယ်မောင် ။ ဒါပေမယ့် မောင်ရယ် ကျွန်မ ကို အပြစ်မတင်ပါနဲ့ ဘာကိုမှ မပိုင်ဆိုင်ထားတဲ့ကျွန်မ မာနလေး တခုတော့ ကျွန်မ အသက်ဆုံးတဲ့ထိ ပွေ့ဖက်ထားချင်တယ် မောင် …………။                  


                                                                                                                               Thaepon





ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ