Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, June 21, 2014

မိုက်မိုက်မဲမဲ





ရပ်လိုက်တော့
လှောင်ပြောင် ရယ်မောသံတွေ
တတ် တိုင်း ပြောနေတဲ့ စကားသံတွေ
ကာလရွေ့လျောပေမယ့်
စကားလုံးနဲ့အသတ်ခံရလို့ သေတဲ့
ဘ၀တွေက ရယ်စရာမဟုတ်ခဲ့ဘူး ။

ပိုဆိုးတဲ့ဘ၀တွေ
ပိုကောင်းတဲ့ဘ၀တွေ
မနေ့က ဘ၀ နဲ့ ဒီနေ့ဘ၀တွေ
တနေကုန်တာတောင် ဘာမှမထူးတဲ့ ဘ၀တွေ
ကိုယ့်ဘာသာ ရုန်းကန်ရင်း
ကိုယ် နဲ့ ကိုယ်သာ စကားများ ရန်ဖြစ်နေတယ်

အတင်း လည်း မပြောနဲ့
ဖြည်းဖြည်းလည်း မပြောနဲ့
ကိုယ့် လိုအပ်ချက်သာ ကိုယ်ဖြည့်ဆည်း
သူများ ကို လိုက်ကြည့်နေရင်
ကိုယ့်ကိုကိုယ် တဖြည်းဖြည်း ပျောက်သွားလိမ့်မယ်

ကိုယ့်တတ်လမ်းအတွက် သူများကို နင်းဖြတ်သူတွေ
သူများတတ်လမ်းအတွက် ကိုယ့်ကိုကိုယ် အနစ်နာခံသူတွေ
အကျိုးတခုအတွက် သူများကိုနစ်နာစေသူတွေ
အိပ်မက်တခုအတွက် ဘ၀ကို ရင်းလိုက်သူတွေ
ဘာမှ မရင်းပဲ အားလုံးကို ရချင်နေသူတွေထဲ
ဘာမှ မရချင်လို့ ဘာမှမရင်းတဲ့သူဟာ
မိုက်မိုက်မဲမဲ ရိုးသားသူလို့ ဆိုရမလား ။

သုကြာ



Thursday, June 19, 2014

ရိုးသားခြင်း မာယာ




မာယာများတယ်
ဟန်ဆောင်ထားတယ်
ရိုးသားခြင်း မျက်နှာဖုံး ကွာကျတာမဟုတ်ဘူး
မရိုးသားခြင်း နှလုံးတွေ ဖိတ်စဉ်လာမှာစိုးလို့
တား ထားတာ ။

စဉ်းစားလို့ကို မရဘူး
မာယာ များတယ် ဆိုတိုင်း
မရိုးမသားလို့ ဘာကြောင့်တွေးလဲ
ရိုးသားသူမှာလည်း မာယာတွေ တလှေကြီး ။

ညာသံပေးပြီး တတ်လာတဲ့ မရိုးသားခြင်းထက်
မာယာများတဲ့ ရိုးသားခြင်းက အင်အားကြီးတယ်
ခနခန လာ လာလှည့်တဲ့ မရိုးသားခြင်းအတွက်
ရိုးသားခြင်းမှာလည်း မာယာ လိုတယ် ။


သုကြာ

Tuesday, June 10, 2014

ချစ်သူ ရဲ့ နောက်ကျော




ဟိုအဝေးကနေ ငေးမျှော်ကြည့်ချင်နေတယ်
ချစ်သူ့ ပုံရိပ်ဟာ ၀ိုးတ၀ါးနဲ့
ည ရဲ့ လရောင်လောက်မှ မသားနား
ဒါပေမယ့် ကိုယ်နှလုံးသားကိုတော့
ခမ်းခမ်းနားနား သိမ်းပိုက်တယ်

ကိုယ် မြတ်နိုးတဲ့ ပုံရိပ်လေး
ကိုယ့်ကို မမြတ်နိုးတဲ့ ပုံရိပ်လေး
စာ ကဗျာတွေ သိုက်မြိုက်စွာ မဖော်ကျူးလည်း
သေချာတာက မင်းကို မြတ်နိုးတယ်

သုကြာ

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ