‘ဟင်း’
သက်ပြင်းတချက် ချလိုက်မိသည်။ မိုးကလည်း ဒီနေ့မှ တအားရွာနေသည်။
ဈေးရောင်းမထွက်လို့ကလည်း မဖြစ်ပါဘူး ဒီနေ့ မနက်စာချက်ပြီးရင် ဆန်က ကုန်ပြီလေ ။ မစိန်ကြည် တယောက်တည်း တွေးနေမိသည်။ ဒီမိုး နဲ့သာ
ဆိုရင် ဈေးသည် တွေ သိပ်ထွက်မှာမဟုတ်ဘူး ကိုယ်ထွက်ရင် ရောင်းရမှာ သေချာသည် ။ မနေ့ညက
ယူထားသည့် ကုန်စိမ်းတွေမို့ နောက်ရက်ထားလို့ မကောင်း ။ အဲ့ဒီတော့ ဈေးထွက်မှ ဖြစ်မည်။
‘(((((( ဟောဒီက ဈေးသည် ကန်စွန်းရွက် ချဉ်ပေါင်ရွက် ပါတယ်
))))))) ’
မိုး သံ နဲ့မို့ ခါတိုင်းထက် အသံကျယ်စွာ အော်လိုက်သည်။
ဟော ပထမဆုံး ဖောက်သည် ထွက်လာပြီ ။ မစိန်ကြည် အားတတ်သွားသည်
။
‘မစိန်ကြည်ရေ ဟင်းရွက်စုံ ရောပါလား’
‘ပါတယ် မငွေ ရေ’
‘အဲ့ဒါဆို လာဦးအေ ငါ ဟင်းရွက်စုံ ယူဦးမယ်’
‘ဟုတ် ဟုတ်’
ဈေးဦးတော့ပေါက်ပြီ ။ ရှေ့အိမ်တွေ ရှိသေးတယ် ဆက်ရောင်းရဦးမယ်
။
‘ဟောဒီက ဈေးသည်’
‘လာပါဦး အမ’
‘လာပြီ လာပြီ’
‘နံနံ ပါလား အမ’
‘ပါတယ် ပါတယ် ဗမာ လား တရုတ်လား’
‘ဗမာ ပဲ ပေးပါ အမ ရယ် ငါးဟင်းလေး အုပ်လိုက်ချင်လို့’
‘အဲ့ဒါဆို ငရုတ်သီးစိမ်းရော ယူဦးမလား ညီမ မွှေးတာပေါ့’
‘အင်း ငရုတ်သီး နဲ့ နံနံ တစ်ရာဖိုးပေးလေ နော်’
‘ရမယ် ညီမရေ’
မနက် 11 နာရီ ထိုးတော့ မစိန်ကြည် ခေါင်းပေါ်က ဗန်းထဲမှာ
ကန်စွန်းရွက် နှစ်စည်း ပဲ ကျန်တော့တယ်။ မိုးလည်း အတော်အတန် တိတ်သွားပြီ ဆိုတော့ ဆန်ဝယ်ပြီး
အိမ်ပြန်တော့မည် ။ အိမ်ရောက်မှ ကန်စွန်းရွက်လေး ချဉ်ရည်ချက်ပြီး မနေ့ညက ထောင်းထားတဲ့
ငပိထောင်းရှိသေးတာ နဲ့ စားရမည်။
‘ဟဲ့ အကြီးကောင် ဘယ်သွားတုန်း’
အိမ်ရောက်ရောက်ချင်း သားအကြီးကောင် ကို လှမ်းခေါ်ရသည် ။
ထမင်းအိုးတည်ရဦးမည်လေ ။
‘ဟုတ် အမေ လာပြီဗျ’
‘အေး မီးမွှေးထား ငါ့သား အမေ ဆန်ဝယ်ခဲ့တယ် ထမင်းချက်ရအောင်’
‘ဟုတ် ဟုတ်’
အကြီးကောင် မီးမွှေးနေတုန်း မစိန်ကြည် ထမင်းအိုးဆန်ဆေးလိုက်သည်။
တော်သေးသည်က ဒီအကြီးကောင်လေး တယောက် လက်ကူရနေတာပါပဲ ။ ခါတိုင်းလို အိုးထဲ ဆန်ရှိနေလျှင်တော့
ထမင်းချက်ထားတတ်သည် ။ သူ ရှိနေလျှင် အငယ်လေး ကို စိတ်မချစရာ မလို ။ အကြီးကောင် နှင့်
ပစ်ထားပြီး စိတ်ချ လက်ချ ဈေးရောင်းထွက်လို့ရသည်။
‘အမေ မီး မွှေးပြီးပြီ နော်’
‘အေး အေး’
ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး ပါလာသည့် ကန်စွန်းရွက်လေးတွေ
ဆိတ် နေသည့် မစိန်ကြည် ခုထိ ဈေးရောင်းက ပြန်လာသည့် စိုစွတ်နေသည့် အ၀တ်တွေ မလဲ ရသေး။
‘အမေ အဲ့ဒါ ကျနော် သင်လိုက်မယ် အမေ အရင် အင်္ကျီလဲလိုက်ဦး’
‘ရပါတယ် သားရယ်’
‘အာ အမေ နေမကောင်းဖြစ်လိမ့်မယ် အမေရ အစို ကြီးနဲ့’
ဟုတ်သည် ။ မစိန်ကြည် နေမကောင်းဖြစ်လို့ မဖြစ် ။ လူမမယ်
ကလေး နှစ်ယောက် ဒုက္ခရောက်သွားနိုင်သည်လေ။
****************************************************************
‘မစိန်ကြည်ရေ မစိန်ကြည်’
‘ဟေ’
‘ဟေ မနေနဲ့ ရှင့်ကို ဟိုအပေါင်ခံတဲ့ ဒေါ်အေး က မှာလိုက်တယ်
ဒီတပတ် မှ အတိုးလာမသတ်ရင် ရှင့် နားကပ် ကို ဆုံးပြီလို့ မှတ်လိုက်တဲ့တော်ရေ့’
ဟင်း မစိန်ကြည် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိတယ် ။ ကိုကောင်းလှ
ဆင်ပေးထားတဲ့ နားကပ်လေးတော့ အဆုံးမခံချင်ပြီ ။ ရွေးဖို့တော့ ကြိုးစားရမည် ။ အဆုံးခံလိုက်ရအောင်ကလည်း
မတန်ရင်ကာ ရှိလှသည် ။ အရင်းက တစ်သောင်းခွဲပေမယ့် အတိုးသတ် ရတာ တစ်သောင်းလောက် ရှိနေပြီ
ဆိုတော့ ဒီတပတ် အတိုးသတ်ပြီးရင် ပြန်ရွေးနိုင်အောင် လုပ်ရမည်။ တစ်လ တောင် အချိန်ရသေးတာပဲလေ
ဟု မစိန်ကြည် ဖြေ တွေးတွေး မိသည် ။
‘စိန်ကြည်ရေ’
‘အယ် အမ ဘယ်က လှည့်လာတာလဲ’
လမ်းထိပ်က ခရမ်းချဉ်သီး ပွဲရုံ ပိုင်ရှင် ဒေါ်ကေသီ ။ ကိုကောင်းလှ
ရှိတုန်းကတော့ သူတို့ ပွဲရုံမှာ အလုပ်လုပ်ခဲ့တာပေါ့ ။
‘အေး ဒီကိုပဲ လာတာ စိန်ကြည်ရေ ငါတို့ပွဲရုံမှာ ခရမ်းချဉ်သီးထည့်ဖို့
သေတ္တာတွေ ရိုက်ရမှာအေ အရင် ရိုက်နေကျ လူက မလာတော့လို့ဟေ့ အဲ့ဒါ ညဉ်းများ ရိုက်ပေးနိုင်မလားလို့’
မစိန်ကြည် ၀မ်းသာသွားသည်။ ခရမ်းချဉ်သီး သေတ္တာ ရိုက်ရတာ
လက် သိပ်မ၀င် ။ လက်မြန်ရင် မြန်သလို ပြီးတတ်သည်မို့ နားကပ်ကလေးကို အမြန်ရွေးနိုင်ကောင်းသည်။
‘ဟုတ် အမ ကျမ လာရိုက်ပေးပါ့မယ် ဒါနဲ့ တလုံးကို ဘယ်လောက်ပေးမှာလဲ
အမ’
‘ညဉ်းကလည်းအေ ထုံးစံအတိုင်းပေါ့ တလုံးကို ၃၀ လေ’
မဆိုးဘူး နေ့လည် ၁၁ နာရီလောက်က ရိုက်လျှင် ညနေ ၅ နာရီလောက်ဆို
အလုံး ၁၀၀ ပြီး နိုင်သည်။ အဲ့ဒါဆို ဈေးရောင်းသည့် ပိုက်ဆံနှင့်ပေါင်းလျှင် တနေ့ကို
၄၀၀၀ လောက်တော့ ရနိုင်သည်။
‘ကျမ လုပ်မယ် အမ မနက်ပိုင်းဈေးရောင်းပြီးတာနဲ့ လာခဲ့မယ်’
‘အေး အေး အဲ့ဒါဆို မနက်ဖြန်ကစပြီး လာခဲ့အေ ညဉ်းလုပ်ပုံ
နဲ့ဆို တနေ့ ကို ၁၀၀ တော့ ပြီးပါတယ်အေရယ် ငါပြန်မယ်ဟေ့ ဆက်ဆက်လာနော် စိန်ကြည်’
‘ဟုတ် ဟုတ် အမ’
****************************************************************************
ဒီနေ့ ဈေးနည်းနည်းစောထွက်ရမည်။ မနေ့တုန်းက ဒေါ်ကေသီ လာခေါ်သွားသော
အလုပ်ရှိသေးသည်မို့ မနေ့ညကတည်း ဟင်းရွက်တွေကို စည်းပြီးသားဖြစ်နေသည်မို့ မနက်စာ ထမင်းကြမ်းကို
ခပ်သုတ်သုတ် စားလိုက်သည်။ ကလေး နှစ်ယောက်တောင် မနိုးသေး ။
‘သား အကြီးကောင်’
‘ဟင် အမေ အစောကြီး ဈေးရောင်းသွားတော့မှာလား’
‘အင်း သား အငယ်လေးကို ဂရုစိုက်နော် ဒီမှာ ပိုက်ဆံ ၁၀၀ ခေါက်ဆွဲသုပ်
ဝယ်စား ထမင်းကြမ်း ပန်းကန်ထဲမှာ ရှိသေးတယ်သား’
‘ဟုတ် ဟုတ် အမေ’
‘ဆန်လည်း ကျန်သေးတယ်သား ထမင်းအိုးတည်ထားနော်’
‘ဟုတ် အမေ’
ခုမှ ကိုးနှစ်သာသာ ရှိသေးတဲ့ သားလေး ကို မစိန်ကြည် စိတ်မချပေမယ့်
ထမင်းတော့ ဒီကောင် ကောင်းကောင်းချက်တတ်သည်။ အမေ ကို လက်ကူလက်တောင်း လုပ်ပေးသည့် သားမို့
မစိန်ကြည် ပိုက်ဆံရှာရတာ နောက်ဆံသိပ်မတင်းရ။
‘ဟောဒီက ဟင်းရွက်စုံနော် ကန်စွန်းရွက်ပါတယ် ချဉ်ပေါင်ရွက်
ငရုတ်သီးစိမ်း’
‘လာဦး’
‘--------------‘
‘----------------‘
‘---------------------‘
ဒီနေ့ ဈေးရောင်းကောင်းသည် ။ ၁၀ နာရီလောက်မှာ မစိန်ကြည်
အိမ်ပြန်ရောက်ပြီ ။ ဈေးရောင်း အကျန် ချဉ်ပေါင်ရွက်လေး နဲ့ ဒီနေ့ ဈေးနည်းနည်း ပိုရောင်းကောင်းလို့
ကြက်ဥလေး နှစ်လုံး ၀ယ်လာခဲ့လိုက်သည် ။ ကလေးတွေ ပျော်ရှာမည် ။ မိန်းမသားတယောက်တည်း ရုန်းကန်နေရတဲ့
ဘ၀မို့ တနေ့ ကန်စွန်းရွက် တနေ့ ချဉ်ပေါင်ရွက်သာ စားနေရသော ကလေးနှစ်ယောက် အသား ငါး ဝေးလို့
ကြက်ဥတောင် ခုလို အဆင်ပြေမှ ၀ယ်နိုင်သည်လေ ။
‘ဟော အမေ ပြန်လာပြီ’
အငယ်လေး ချီထားလျက်နှင့် ပြောလိုက်သည့် အကြီးကောင် ဗန်းထဲမှ
ကြက်ဥ ကို မြင်တော့ မျက်နှာက ၀င်းပ သွားသည်။
အော် သူလည်း စားချင်ရှာတာပေါ့ ။ မအေ တယောက်တည်း ရုန်းကန်နေရတာကို
နားလည်ရှာသော ကလေးမို့ ဘာမှတော့ မပူဆာ ။ သူ့အဖေ ရှိတုန်းကတော့ ကျောင်းထားသေးသည် ။ ကိုကောင်းလှ
ဆုံးပြီးသည့် နောက်တော့ နှစ်တန်းနှင့် ကျောင်းထုတ်လိုက်ရသည်လေ ။ အကြီးကောင်လေးက စာသင်ချင်ရှာသည်
။ ’ အမေ အဆင်ပြေရင် ပြန်ထားပါ့မယ် သားရယ်’ ဆိုတဲ့ စကားနှင့်ပင် ကျေနပ်သွားရသော သူ့မျက်နှာလေးကို
ခုထိ မစိန်ကြည် မမေ့သေး ။
‘သား ဒီကြက်ဥ လေးကို ပြုတ်လိုက်နော် မီးလက်စရှိသေးတယ်မလား’
‘ဟုတ် ရှိသေးတယ် အမေ သား ရေနွေးအိုးတည်ထားတယ် ထည့်လိုက်ရုံပဲ’
‘အေး အေး အမေ ချဉ်ရည်လေး ချက်ပေးခဲ့မယ် အငယ်လေးနဲ့ ကြည့်စားလိုက်နော်
အမေ ပွဲရုံမှာ သေတ္တာ သွားရိုက်ဦးမယ် ကြားလား’
‘ဟုတ် အမေ’
ညနေ မစိန်ကြည် အိမ်ပြန်ရောက်တော့ အကြီးကောင်က ထမင်း ခူးပြီးစောင့်နေပြီ
။
‘သား ရေ ရော့ ဒီ အကြော်လေးထည့်ခဲ့’
‘ဟုတ် အမေ’
ဒီနေ့ စလုပ်သည့် နေ့မှာကို သေတ္တာ အလုံး ၁၀၀ ပြီးသည်မို့
၃၀၀၀ ကျပ် ရခဲ့သည် ။ ဒါပေမယ့် မစိန်ကြည် အကြော်ပဲ ၀ယ်ခဲ့လိုက်သည် ။ နားကပ်လေး ပြန်ရွေးရမည်
။ ရွေးပြီးမှ ရောင်းပြီး ကလေး နှစ်ယောက်ရှင်ပြု ရဦးမည် ။ အငယ်လေးတောင် သုံးနှစ်ပြည့်တော့မှာမလား
။ သားကြီး ရှင်ဖြစ်တော့ လုပ်မှ အမေ ဖြစ်ရကျိုးနပ်တော့မည် ။ ပြီးတော့ အကြီးကောင် ကို
ကျောင်းထားဖို့လည်း စု ရဦးမည်လေ ။
*******************************************************************
‘ဒေါ်အေး ဒေါ်အေး’
‘ဟဲ့ ဘာတုန်း စိန်ကြည် ရဲ့ ညဉ်း အတိုးသတ်ဖို့ ရက် မရောက်သေးပါဘူးအေ’
‘ဟုတ်ပါတယ် ဒေါ်အေးရယ် ကျမ နားကပ်လေး ပြန်ရွေးမလို့ပါ’
‘အော် အေး ဒါပေမယ့် ညဉ်း လာရွေးတာ ရက်နှစ်ဆယ်ဆိုတော့ တလစာ
အတိုးကတော့ ပေးရမှာပဲနော် စိန်ကြည်’
‘သိပါတယ် အဒေါ်ရယ် ကျမ ပေးမှာပါ ဒီမှာ ဒါက အရင်းအတွက် တသောင်းခွဲ
ဒါက အတိုး’
‘အေး ခနစောင့် ငါ ပစ္စည်း ၀င်ယူဦးမယ်’
‘ဟုတ် ဟုတ်’
‘ရော့ ဒီမှာ စိန်ကြည် အေး အေ ငါက ညဉ်း မရွေးတော့ရင် သွားရောင်းတော့မှာအေ့
‘
‘သိပါတယ် အဒေါ်ရယ် ဒါလေးက ကျမ ကို ကိုကောင်းလှ လုပ်ပေးခဲ့တာလေးလေ
ဒါလေး ကိုပဲ ရောင်းပြီး သားကြီးရှင်ဖြစ်လုပ်ရမှာတော့်’
‘အေးပါအေ ညဉ်း မလည်း ဒီသားနှစ်ယောက် နဲ့ ဒုက္ခ ရောက်လှပါတယ်’
‘ကျမ သွားတော့မယ် အဒေါ်ရေ’
‘အေးအေး’
ကျမ နားကပ်လေး တရံကို တင်းတင်း ဆုပ်ပြီး ပြန်လာခဲ့တယ် ။
ကျမ လက်ထဲမှာ ပိုက်ဆံ သုံးသောင်းလောက်ရှိပြီလေ ။ ပျော်သည်ပေါ့ ။
***************************************************************************************
ဒီလိုနဲ့ မစိန်ကြည် တယောက် မနက် ဈေးရောင်း နေ့လည် သေတ္တာရိုက်နှင့်
ပိုက်ဆံ ကို ခြစ်ကုတ် စုသည် ။ ကံလေးများ လိုက်ချင်ပြန်တော့ ရွှေဈေးတွေ တတ်လို့တဲ့ ကိုကောင်းလှ
ခမျာ ကျောက်ဖိုး မတတ်နိုင်လို့ ရွှေချည်း သက်သက် လုပ်ပေးခဲ့တဲ့ နားကပ်လေးက ခုရောင်းခဲ့တာ
ငါးသောင်းကျော်ရခဲ့သည် ။ မစိန်ကြည် ပိုက်ဆံ စု နေတာ တစ်နှစ်ကျော်ပြီမို့ တစ်သိန်းကျော်ကျော်
ရနေပြီ နှစ်ခုပေါင်းလျှင် နှစ်သိန်းနီးပါးမို့ မစိန်ကြည် ဆန္ဒ တွေ ပြည့်လောက်ပြီထင်သည်။
‘ဘုန်းဘုန်းဘုရား တပည့်တော်မ သားလေး နှစ်ယောက်ကို သားကြီးရှင်ဖြစ်ပေါ့
ဘုရား ဘုန်းကြီးငါးပါးလောက်ဆွမ်းကပ်ပြီး သင်္ကန်းလေး စည်းချင်လို့ပါ ဘုရား’
‘အင်း ဒကာမကြီး ဘယ်နေ့ စည်း ချင်တုန်း’
‘မနက်ဖြန်ပဲ လုပ်လိုက်ချင်တယ် ဘုရား မြန်မြန် စိတ်အေးရတာပေါ့’
‘အေးကွယ် မနက်ဖြန် သင်္ကန်းနှစ်စုံ ယူလာခဲ့ ဒကာမကြီး ကျုပ်
အလှူဖြစ်မြောက်အောင် စွမ်းဆောင်ပေးမယ်’
‘ကျေးဇူးတင်ပါတယ် ဘုရား’
ကဲ ကျမ ဘုန်းကြီးကိုလည်း လျှောက်ခဲ့ပြီ ရပ်ကွက်ထဲက လူလေး
ငါး ဆယ် ယောက်လောက် ဖိတ်ပြီး သားလေးတွေ ကို သင်္ကန်းစည်းပေးနိုင်ရင် ကျမ ရဲ့ ပထမ ဆန္ဒ
ပြည့်ပြီပေါ့ ။
**************************************************************************
သား နှစ်ယောက်ကို သင်္ကန်းကိုယ်စီနှင့် ဆွမ်းခံ ကြွလာတာ
မြင်တော့ မစိန်ကြည် ၀မ်းသာလို့မဆုံး ။ သူများတွေလို ထမင်းရည်ချောင်းစီး မောင်းတီးမလှူနိုင်ပေမယ့်
ကိုယ့် လုပ်အားခလေးနဲ့ သားနှစ်ယောက်ကို ရှင်ပြုပေးနိုင်သည်မို့ ၀မ်းသာရသည် ။ သားနှစ်ယောက်ကို
မနက်တိုင်းဆွမ်းဦးဖျားလောင်းချင်သည်ပေါ့ ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ ။ မနက်အစော
ဈေးထရောင်းရတာမို့ သူတို့ ဆွမ်းခံထွက်ချိန်ကို မမှီ ။ လမ်းမှာပဲ အကြော်လေး ၀ယ်ပြီး
လောင်းနိုင်သည် ။
ကလေးတွေ ဆိုတော့ သင်္ကန်းဝတ်နှင့် ကြာကြာမနေနိုင်ကြ ။ ခုနှစ်ရက်ပြည့်တော့
ထွက်လာ ကြသည် ။ အင်းပေါ့လေ ထွက်လာတော့လည်း အကူအတောင်း ရတာပ ။
‘အမေ သား တို့ကို ရှင်ပြုပေးပြီးပြီဆိုတော့ အမေ့ထဲ ပိုက်ဆံမရှိတော့ဘူးပေါ့နော်’
ရုတ်တရက် ထမေးလိုက်တဲ့ အကြီးကောင်စကားက ဘာကိုပြောချင်မှန်း
မစိန်ကြည် နားမလည်လိုက်နိုင် ။
‘ဟဲ့ ဘာဖြစ်လို့တုန်း သားရဲ့’
‘သား ကျောင်းနေချင်လို့ပါ အမေ’
အော် ဟုတ်သား မစိန်ကြည် မေ့နေခဲ့တာပါလား ။ ဒီနှစ် သား ကိုကျောင်းထားပေးမည်ဟု
ပြောထားခဲ့သည်လေ ။
‘အေးပါ သားရယ် အမေ ထားမှာပေါ့ ကျောင်းအပ်ဖို့က တစ်လ လောက်လိုပါသေးတယ်
သားရယ်’
‘တကယ်နော် အမေ
သားကို ကျောင်းထားပေးပါ အမေရယ် သား ပညာတတ်ကြီးဖြစ်ရင် အမေ နဲ့ ညီလေးကို သား ချမ်းချမ်းသာသာ
ထားနိုင်မှာ အမေရ’
မစိန်ကြည် ရင်ထဲ အေးချမ်းသွားရသည် ။ ဟုတ်သည် မဟုတ်သည်ထား
။ သားသမီး ရဲ့ အဲ့ဒီစကားက ကိုပဲ မစိန်ကြည် အတွက် အားမဟုတ်လား ။
‘ကဲ မိစိန်ကြည်ရေ
နင့် သားကို ပညာတတ်ကြီးဖြစ်အောင် ပိုက်ဆံ ရှာဦးဟဲ့ ‘
ကိုယ့် ကိုကိုယ် အားပေးရင်း တဘက်ကလေး ခေါင်းပေါ်တင် သေတ္တာရိုက်ဖို့
မစိန်ကြည် ထွက်လာခဲ့ပါပကော ။
ကောင်းလိုက်တဲ့ အရေးအသားလေး။
ReplyDeleteတကယ့်ကို အားပေးသွားတယ်။
ဆက်လက်ရေးပါဦးလို့လည်း မှတ်ချက်ပြုခဲ့ပါရစေ။
မကြီးလွမ်း
19-8-2013