Sunday, June 9, 2013

ကျနော့် နှလုံးသားမှာ သူမ နာမည်ကို ပန်းတွေနဲ့ ရေးထားတယ်

ဒီနေ့ မိုးမရွာပါ။ မိုးမရွာသောကြောင့် နေသာလေသည်။ နေသာသောကြောင့် မိုးမရွာတာလည်း ဖြစ်နိုင်ပါသည်။
ကျနော်၏ အူကြောင်ကြောင်အတွေးများမှာ ကျနော့်၏ နေ့စဉ်ဘ၀ဖြစ်သည်ဟု သူမ ပြောဖူးပါသည်။
ကျနော် လက်ခံပါသည်။ အဘယ်ကြောင့်ဆိုသော် သူမ သည်လည်း ကျနော့ဘ၀ထဲ သို့ အူကြောင်ကြောင် ၀င်လာသောကြောင့်တည်း။
            **********************************************************************
အဲ့ဒီနေ့က မိုးမရွာပါ။ မိုးမရွာသောကြောင့် ရတနာပုံကျောင်းဝင်း ၏ ပိတောက်ပင် အောက်က ခုံလေးတွင် ကျနော် ထိုင်နေသည်။ ထိုင်နေသည်ဆိုခြင်းထက် စာထိုင်ဖတ်နေသည် ဆိုခြင်းက ပို မှန်ကန်ပါလိမ့်မည်။
“ ဒီမှာ ဒီမှာ”
“---------“
“ဒီမှာ”
“-------------“
“ဒီမှာ နင့်ကိုခေါ်နေတာ နားမပါဘူးလား”
ကျနော် မော့ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက် ။ ပို တိတိကျကျ ပြောရပါလျှင် ကျနော့်၏ သူမ ဖြစ်လာမည့် သူမလေး။
“ကျနော့် ကိုခေါ်နေတာလား”
“ ဟမ် အူကြောင်ကြောင်နဲ့ နင် တစ်ယောက်တည်းရှိတာ နင့်မခေါ်လို့ ဘယ်သူ့ခေါ်ရမလဲ”
“ခင်ဗျားပဲ ဒီမှာ ဆိုဗျ ကျနော့် နာမည်က ဒီမှာ မှ မဟုတ်ပဲ ခေါ်မှန်း ဘယ်သိမလဲ”
“ ဟွန့် မိကျောင်းသား ပဲ”
“ဗျာ”
“ထားပါ နင့်နာမည် ရန်နောင် မလား”
“ဟုတ်ဘူးဗျ”
“ဟင် ဟုတ်ဘူးလား”
“ဟုတ်ဘူး ငါ့နာမည်က ရန်နောင်မျိုး”
“အမ် တူတူပဲလေ”
“မတူဘူးလေ နင်ပြောတာ မျိုး မှ မပါပဲ”
“ဟွန့် အဲ့ကြောင့် ငါ့သူငယ်ချင်းတွေကပြောတာ”
“ ဘာပြောတာလဲ”
“ နင်က အူကြောင်ကြောင်တဲ့”
“----------------“
ကျနော် ရယ်ရမလား ငိုရမလားမသိဖြစ်သွားသည်။ ကျနော် သိလိုက်တာတော့ ကောင်မလေးက တော်တော် လှသည်။
                   *************************************************************
ဒီနေ့ ကျနော်တို့ အတန်း ပရက်တီကယ် ရှိတဲ့နေ့။
ပရက်တီကယ် လုပ်ရန် ပရက်တီကယ်ခန်းသို့ အသွား “၀ါး” ခနဲ ရယ်သံများကြောင့် လှမ်းကြည့်မိတော့ ဟိုနေ့က ကောင်မလေး ။ အော် သူမလေးက ဘူမိ ကကိုး။
                  *************************************************************
“ဟိတ်”
“------------“
ကျနော် စာဖတ်နေရာမှ မော့ကြည့်လိုက်တော့ သူမ။
“ အတန်းမတတ်ဘူးလား”
“ အင်း ငါတို့ ဆရာမ ဒီနေ့ မလာလို့ နင်ရော အတန်းလစ်တာလား”
“ အမ် လစ်ပါဘူး ဒီနေ့ အတန်းမရှိတာ”
“အော် ဒါနဲ့ နင့်နာမည် က “
“စိမ်းလဲ့ညို”
“ဟင် ရှေးခေတ်က နာမည်ကြီး”
“ဘာာာာာာာာာာာ”
“အာ တိုးတိုး အော်စမ်းပါဟာ နင်ကလည်း”
“ငါ့ နာမည်က ကဗျာဆန်တယ်ဟဲ့ နင့်နာမည်သာ ရာဇ၀င်ထဲက တပ်မှူးလိုလို တံခါးစောင့် လိုလို”
“------------------“
                *************************************************************
ကျနော် နှင့် သူမလေး သူငယ်ချင်း ဖြစ်သွားပြီးတော့ သူမလေး ၏ သူငယ်ချင်းများနှင့် ကျနော်လည်း သူငယ်ချင်းဖြစ်ခွင့် ရခဲ့သည်။ ကျနော် ထင်ထားသည်က သူမလေး သည် မန္တလေး ကပဲ ဟုဖြစ်သည်။ သို့ သော် သူမ လေးက နယ်က ဟု သိလိုက်ရသည်။ ကျနော့် အတွက်တော့ သူမလေးက ကျနော့် ရင်ထဲ မှာပဲ ထာဝရ နေထိုင်လေသည်။
“ စိမ်းလဲ့”
“ရှင်
“ကျနော် စိမ်းလဲ့ အတွက် ရေးထားတဲ့ ရင်ထဲ က အကြောင်းအရာလေးတွေပါ”
“အော်”
သကောင့် သား က သတ္တိတော့ ကောင်းသည်။ ကျနော်တို့ သူငယ်ချင်း အဖွဲ့ နှင့် စိမ်းလဲ့ တို့ အဖွဲ့ ပေါင်း လျှင် အားလုံး 8 ယောက်ရှိသည်။  ကျနော်တို့ က သုံးယောက် ၊ စိမ်းလဲ့ တို့က ငါးယောက်။ သကောင့် သား က တယောက်တည်းလာသည်။ စိမ်းလဲ့ စကားနှင့် ပြောရရင် “ဖိုက်တာ” ပေါ့ဗျာ။ ကျနော်တို့က အတန်းပြီးလျှင် ဒီတမာရိပ် ဆိုင်မှာ မုန့်စားနေကျ မှန်း သကောင့်သားက သိပုံရသည်။
“စိမ်းလဲ့ ကျနော့်ရဲ့ မေတ္တာသ၀ဏ်လွှာလေး ကို လက်ခံပေးပါနော်”
အမယ် သကောင့်သားက အလာသားဟ ကျနော့်စိတ်ထဲမှာ တွေးလိုက်မိသည်။
“အော် ရပါတယ် ထားခဲ့လေ”
“ဟင် စိမ်းလဲ့ လက်ကလေး နဲ့ ကိုယ်တိုင်ယူပါလားလို့”
အောင်မာ ဒီကောင် လာညုနေသေးတယ် ဟွန့်
“အော် စိမ်းလဲ့ မုန့်စားနေတယ်လေ လက် မှ မအားပဲ ရတနာရေ ခန ယူထားပေးကွာ”
 သွားပြီ ဖြစ်သွားတဲ့ သကောင့်သားမျက်နာကို ကြည့်ပြီး ကျနော် ရယ်ချင်တာ မနည်းထိန်းထားရသည်။
ရတနာ့လက်ထဲ စာထည့်ပြီး ထွက်သွားတဲ့ သကောင့်သား ခေါင်းက ငိုက်စိုက်။ ကျနော်ထင်ထားတာထက် သူမလေးက ရက်စက်လေ၏ ။
                        ****************************************************
ဒီနေ့ ကျောင်းပိတ်ရက်မို့ ကျနော်တို့ အုပ်စု လျှောက်လည်ဖြစ်ကြသည်။ မြို့ထဲ အနှံ့ သွားလိုက်ပြီး နေ့လည်မှာ ကုသိုလ်တော် ဘုရားဝင်းထဲ ရောက်သည်။
ကျနော့် သူမလေးက ခရေပန်း အင်မတန်ကြိုက်မှန်း အဲ့ဒီကျမှ သိတော့သည်။
“စိမ်းလဲ့ နင် ပန်းအဲ့လောက်ကောက်နေတာ သီပြီး ရောင်းမလို့လား”
“ဘာ----- ရန်နောင် နင်ဟာလေ ဘာမှ ကိုမခံစားတတ်ဘူး အဲ့ကြောင့် အူကြောင်ကြောင်ဖြစ်နေတာ”
ဘာမှ မဆိုင်ဟု ကျနော် ထင်ပါသည်။ သို့သော် သူမလေးက အဲ့လိုဆိုလျှင် ကျနော့် နှလုံးသားက လိုက် သဘောတူလေသည်။
အဘယ်ကြောင့် ဆိုသော် ကျနော့် နှလုံးသားမှာ သူမလေး နာမည် ကို ပန်းနှင့် ရေးထိုးထားသောကြောင့်ဖြစ်သည်။
ကျနော် တို့ နောက်ဆုံးနှစ် စာမေးပွဲ တွေ ဖြေတော့မည်။
စာမေးပွဲနားနီးပြီမို့ ကျနော်တို့ အုပ်စု စာစုကျက်ကြသည်။ ကျနော်တို့ စာကျက်ဖြစ်သော နေရာက ကျောက်တော်ကြီး ဘုရားပေါ်တွင်ဖြစ်သည်။
“ဘုရားရိပ် တရားရိပ်က အေးတော့ ဦးဏှောက်လည်းအေးတာပေါ့ဟယ်”
ဖောက်လာပြီ စိမ်းလဲ့ အသံ က စာကျက်နေရင်း ထွက်လာခဲ့သည်။
“ဒါပေမယ့် အေးလွန်းတော့  ငါ့ လက်တွေ ကိုက်နေတယ်ဟ”
“စိမ်းလဲ့ ငါများ နင်းပေးရဦးမလားဟင် နင့်လက်ကို”
“အေး နင်းပေးရင်တော့ နင် ဘုန်းကြီးလို့ အသက်ရှည်မှာပေါ့ဟာ”
“ဟားဟား”
“ဟွန့်  စာကျက်ကြ အရည်မရ အဖတ်မရတွေပြောမနေနဲ့ မနက်ဖြန်ပဲ ဖြေရတော့မှာကို”
 စကားသံတွေ ဆိတ်ညိမ် သွားပြန်သည်။
                        *********************************************************
ဒီနေ့ စာမေးပွဲ နောက်ဆုံးရက်။         
မနေ့ည က ကျနော် တညလုံး စဉ်းစားသည်။ သူမလေး ကို ဖွင့်ပြောတော့မည်။ သူမလေး အချစ်ကို တရားဝင်တောင်းခံမည်။ တရားဝင် ချစ်သူ ဖြစ်ချင်သည် ဟုများပြောလျှင် အူကြောင်ကြောင်နဲ့ ဟုများ သူမလေး  ပြောမလား။
စာမေးပွဲ ဖြေပြီးတော့ ကျနော် တို့ ဆုံနေကျ ပိတောက်ပင်တန်းမှာ ကျနော် စောင့်နေသည်။
ကျနော် ရင်တွေခုန်နေလေသည်။ လူက ထိုင်လို့မရ ။ ထိုင်လို့ မရလို့ ရင်ခုန်တာလား ရင်ခုန်လို့ ထိုင်မရတာလား ။
ကျနော့် အူကြောင်ကြောင် အတွေး ကို ကိုယ့်ဘာသာ အဖြေပေးလိုက်သည်။ စိမ်းလဲ့ ကို ဖွင့်ပြောတော့မှာမို့ ရင်ခုန်တာပါကွာ----------။
ဟော ကျနော့် ရဲ့ သူမလေး လာပြီ ။
ကံကြမ္မာက ကျနော့် ဘက် ပါသလားမသိ သူမလေး တယောက်တည်း လာနေသည်။
“ရန်နောင် ဘာကြည့်နေတာလဲ အူကြောင်ကြောင်နဲ့”
“ဟို ဟို “
“တ ဟို ဟို နဲ့ ဘာဖြစ်နေတာလဲ ဘာလဲ နင် စာမေးပွဲ မဖြေ နိုင်ခဲ့ဘူးလား”
လွဲပြီ စတာနဲ့ လွဲတာပဲ
“မဟုတ်ပါဘူးဟာ ငါ နင့် ကို ပြောစရာရှိတယ်ဟ”
“ငါ့ကို-----  ပြောလေ ဘာပြောမှာလဲ”
“ဟိုလေ  ငါလေ နင့်ကို”
သွားတာပဲ ပြောမယ်ဆိုရင် ဒီပါးစပ်က ဘာလို့မထွက်မှန်းကိုမသိတော့
“ဟဲ့ ပြောလေ ဘာဖြစ်လဲ”
“ချစ်တယ်ဟ”
“ဟင်
ဟားဟားဟား”
ရုတ်တရက် ရယ်ချလိုက်သော သူမလေး ကြောင့် ကျနော် ကြောင် သွားသည်။ အဲ့ဒီအချိန် ခန အတွင်း အနားသို့ ရတနာတို့ ရောက်လာသည်။
“ဟဲ့ စိမ်းလဲ့ ဘာတွေ အဲ့လောက်ရယ်နေတာတုန်း”
“ဒီမှာ ရန်နောင်လေ ငါ့ကို ချစ်လို့တဲ့ ဟယ် ဟားဟားဟား”
“အော”်
ရတနာ တို့ က မရယ်။ အားပါး တရ ရယ်နေသော သူမကို သာ ငေးကြည့်နေလေသည်။ ကျနော့် သူငယ်ချင်းများကလည်း နားမလည် သလို ငေးကြောင်နေကြသည်။
“ကဲ ကဲ ပြန်မယ် ရတနာ”
“အင်း ပြန်မယ်လေ “
“ပြန်ပြီ ရန်နောင်”
သူမလေး ကျနော့်ကို နှုတ်ဆက်သွားသော မျက်ဝန်းတို့တွင် ၀မ်းနည်းရိပ်တို့ စွန်းထင်းနေသလို---------
                        **************************************************************
ကျနော်တို့ ကျောင်းပိတ်တာတောင် တစ်နှစ်ပြည့်တော့မည်။ ဘွဲ့ယူတော့လည်း မေဂျာမတူသောကြောင့် သူမလေးနှင့် မဆုံဖြစ် ။  ပြောရလျှင်တော့ သူမလေး နှင့် မတွေ့ရတာ တစ်နှစ်ပြည့်တော့မည်ပေါ့ ။
တနေ့ ကျနော် နှင့် ရတနာ ဘုရားကြီးမှာ ဆုံဖြစ်သည်။ ကျနော်က ကျနော့ မွေးနံထောင့် ကြာသပတေး ထောင့်မှာ ဘုရား ရေသပ္ပါယ်သည်။ ရတနာ က အင်္ဂါ ထောင့် မှာ ရေသပ္ပါယ်နေသည်။
“ဟယ် ရန်နောင်”
“အင်း ရတနာ”
“နင်နဲ့မတွေ့ဖြစ်တာတောင်ကြာပေါ့”
“အင်း ဒါနဲ့ ဟိုလေ”
“ဘာလဲဟ နင်ကလည်း ကျောင်းတုန်းကလို ပဲ အူကြောင်ကြောင်နဲ့”
“အေးပါဟာ ငါမေးမလို့ဟ စိမ်းလဲ့လေ”
“------------------“
ငိုင်သွားတဲ့ ရတနာ့ ကို ကြည့်ပြီး ကျနော့်  ရင်ထဲမှာ တခုခု ကို စိုးရိမ်သလို ။
“စိမ်းလဲ့ စိမ်းလဲ့ ဆုံးပြီ ရန်နောင်ရဲ့ “
“ဟာာာာာာာာာာာ မနောက်ပါနဲ့ ရတနာရယ် “
“ငါ ငါ တကယ်ပြောတာ ရန်နောင် စိမ်းလဲ့ ဆုံးပြီဟ မန္တလေး မှာပဲ ဆုံးတာ”
“ငါ ငါ့ ကို ဘာလို့ အကြောင်းမကြားတာလဲ ဟာ ဘာလို့ ဆုံးတာလဲ ဟင်”
“အရိုးကင်ဆာလေ ငါတို့လည်း စာမေးပွဲ မဖြေခင်လေးတင် သိတာဟာ နောက်ဆုံးအဆင့်တဲ့ဟ ဒီနေ့က သူဆုံးတာ သုံးလ ပြည့်တဲ့နေ့လေ သူက နင့် ကိုမပြောပါနဲ့ဆိုလို့ မပြောတာပါ ဟာ--------“
                        ******************************************************
ကျနော် ဒီနေ့ ကုသိုလ်တော် ဘုရားဝင်းထဲမှာ ခရေပန်းတွေ လိုက်ကောက်နေမိတယ် ကောက်လို့ ရတဲ့ ပန်းတွေ ကို သီပြီး
ဘုရားကို လှူမယ် ပြီးရင် ကျနော့် ရဲ့ သူမလေး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းမယ်။
သူမလေးရေ မင်းသိပ်ကြိုက်တဲ့ ပန်းခရေတွေ ကို ဘုရားမှာ တင်လှူရင်း နောက်ဘ၀တွေမှာ ဒီလိုဝေဒနာဆိုးကနေ မင်းလွတ်မြောက်ပါစေ ကောင်မလေးရေ လို့ ငါ ဆုတောင်းနေမိတယ်
ကျနော့် နှလုံးသားမှာ သူမလေး နာမည် ကို ပန်းတွေ နဲ့ ရေးထိုး ထားတာကို သူမလေး ရောက်ရာဘ၀ က သိနိုင်ပါစေ ။



                                                                                                                                      Thaepon

No comments:

Post a Comment

ဘလော့ဂါ များ၏ ပို့စ်များ

Flash သီချင်းများ ရယူနိုင်သော နေရာလေးတွေ