စိတ်ကူးချိုအတွေးတွေနဲ့
လှပသော ၀န်းကျင်၌
တွေ့ဆုံခဲ့ရသော သူ။ ။
ခံစားမှုအာရုံတွင်
တွယ်ငြိလိုက်ပါလာသော
အကြင်သူသည်
လှပသော ကဗျာတပုဒ်။
နူးညံ့သော အတွေးအိမ်ဝယ်
ထာဝစဉ်နေထိုင်သော သူ
စိတ်ကူးအတိုင်း
ယိမ်းနွဲ့လှုပ်ရှားလျက်
အသက်ဝင်စေသော
ကျမ နေ့ရက်များ၏ ပိုင်ရှင် --------
သိမ်းပိုက်မှုကင်းသောချစ်ခြင်း
ခွင့်လွှတ်သည်းခံသော မေတ္တာများနှင့်
ကျမ နှလုံးသားနန်းတော်၏ အိမ်ရှေ့စံ ---------
ထိတွေ့ကိုင်တွယ်၍ မရသော
စိတ္တဇနာမ် အချစ်ကို
ခံစားသိရှိစေခဲ့သော
ကျမ အချစ်တို့၏ လမ်းညွှန်ပြသူ ------------
အကြင်သူမှလွဲ၍
ခံစားချက် မလေးနက်စေရန်
ညှို့ယူထားနိုင်သော
ကျမ နှလုံးသား၏ စိတ်ညှို့ရှင် ----------
လှပသော နှလုံးသား၏ သံစဉ်များကို
ပေါ်ထွက် တီးခတ်စေခဲ့သော
ကျမ နှလုံးသား၏ ဂီတမှူး ------------
ဖွဲ့ဆိုအပ်သော ကဗျာများ၌
သူ၏ အရိပ်များကိုသာ လွှမ်းမိုးစေလျက်
ခံစားချက်များကို အသွင်ပြောင်းနိုင်သော
ကျမ ကဗျာများ၏ ဖန်တီးရှင် ----------------
အရိုင်းဆန်သော နှလုံးသားကို
ချိုမြသောစကားများနှင့်
နှစ်သိမ့်ဆုံးမတတ်သော
ကျမ ဘ၀၏ ပဲ့ပြင်သူ -------------
ကျမ သည်
နှလုံးသား၏ တရားသူကြီးဖြစ်ခဲ့ပါလျှင်
ဆန္ဒဂတိ ဒေါသဂတိ ကင်းလျှက်
ဆုံးဖြတ်ချက်တခု ချပါမည်။
ကျမသည် သူ့ ကို ချစ်လေ၏ ။
Thaepon
No comments:
Post a Comment